ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက် ည၉:၂၀နာရီအချိန်က စစ်ကိုင်း-ရွှေဘိုကားလမ်းပေါ် ဝက်လက်မြို့နယ် ရွာသာကြီးအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် စစ်ကောင်စီယာဥ်တန်းအနက် နောက်ဆုံးတစ်စီးဖြစ်သည့် ၁၂ ဘီးယာဥ်အားဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်း၃ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
“၁၂ဘီးကားပေါ်က ဂျပ်ဖာတွေကြားမှာ ပုန်းအောင်းပြီး စစ်ကောင်စီတပ်သားတွေလိုက်ပါလာကြတယ်လို့သိရပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် မြင်းဖြူရှင်ပျောက်ကြားတပ်ဖွဲ့၊ ဝက်လက်မြို့နယ်ဒေသဆိုင်ရာ ကာကွယ်ရေးတပ်နှင့် ဂဠုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၊စစ်ကောင်စီကား အထိအခိုက် အပျက်အစီးအခြေအနေအား လုံခြုံရေးအခြေအနေအရ အတိအကျမသိရသေးကြောင်း ၎င်းတို့ကအသိပေးသည်။
ဝက်လက်မြို့နယ် အရှေ့ခြမ်းဖြစ်သော ရှိမ်းမကားကျေးရွာဝန်းကျင်၌ အင်အား၆၀ခန့်ပါသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ရှိမ်းမကားမှ ရေလမော်ရွာဘက်သို့ ရောက်ရှိနေပြီး ခရိုင်းချင်းဆက်လမ်းသို့ တက်လာမည်ဟု ယူဆရကြောင်း၊ထို့ကြောင့်ပြည်သူများ
အနေဖြင့်ခရိုင်ချင်းဆက်လမ်းကို ယာယီအသုံးမပြုကြရန် ဝက်လက်အခြေစိုက်ဖောင်းဒိုင်းအဖွဲ့ကလည်းသတိပေးထားသည်။