ဒေသခံများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံရ
တနင်္သာရီတိုင်း KNU တပ်မဟာ(၄)နယ်မြေဖြစ်သည့် ပုလောမြို့နယ်သို့ သာလွန်အင် အားဖြင့်စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ် မိုင်းဆွဲခံရ၍ လေးဦးသေပြီး ၁၃ ဦးခန့် ဒဏ်ရာရရှိကြောင်း ပုလော PDF မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ဇန်နဝါရီ ၈ ရက် ည ၇ နာရီ ခွဲခန့်ကစ၍ KNU တပ်မဟာ(၄)နယ်မြေအတွင်းရှိ ကဗျာရွာနှင့် ပဝတ်ဖျားရွာ အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီက အင်အား ၂၀၀ ခန့်ပါသော စစ်ကြောင်းနှစ်ကြောင်းခွဲကာ လက်နက် ကြီးများအသုံးပြု၍ စစ်ကြောင်းထိုးခဲ့သည်ဟု ဆိုသည်။

“နှစ်နာရီ နီးပါး တိုက်ပွဲ ဖြစ်ခဲ့တာပေါ့။KNU လည်း ကျွန်တော်တို့နဲ့အတူ ပါဝင်ခဲ့တယ်။နောက်ပြီး ဒေသခံ တပ်ဖွဲ့တွေလည်း ပါတယ်။ဒါကြောင့် ခံတိုက်နိုင်ခဲ့တာ။ ကျွန်တော်တို့ဘက်ကတစ်ဦးမှလည်း အကျ မရှိခဲ့ဘူး။ အားလုံး စနစ်တကျ ချပြီး တိုက်ခဲ့တယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement
ယခု တစ်ကြိမ် စစ်ဆင်ရေးသည် အကြမ်းဖက်စစ်ကောင်စီက ပုလောမြို့နယ် အတွင်း အခြေစိုက် ပြည်သု့ကာ ကွယ်ရေးများကို အပြတ်ရှင်းရန် ရည်ရွယ်ထားသည်ဟုလည်း ၎င်းက သုံးသပ်သည်။
ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီသည် ယမန်နေ့က ပုလောမြို့ အခြေစိုက် ခလရ (၂၈၅) တပ်ရင်းတစ်ခုလုံး အပြင် ပုလောမြို့နယ်မှ ပျူစောထီးများ စစ်ဆင်ရေးတွင် ပါဝင်စေခဲ့ကြောင်းလည်း သိရသည်။

အကြမ်းဖက်စစ်တပ်က ၎င်းတို့ စစ်ကြောင်းပြန်လည်ဆုတ်ခွာစဥ် ပဝတ်ဖျားရွာမှ ဒေသခံများ၏နေအိမ် ငါးလုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပဝတ်ကုန်းရွာအတွင်း တပ်စွဲထားကြောင်း ပုလော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က အသိပေးသည်။


















































