အာဆီယံဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားက တာဝန်ယူပြီး ပထမဆုံးကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဟာ အာဏာသိမ်းစစ်ကောင်စီကို ဖိတ်ကြားတဲ့အတွက် ရွှေ့ဆိုင်းလိုက်ရတယ်လို့သိရပါတယ်။
ဟွန်ဆန်ဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး နောက် ကမ္ဘောဒီးယားနိုင်ငံ ရဲ့ အပန်းဖြေမြို့ ဆီယမ်ရိမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇန်နဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်မှာကျင်းပဖို့ စီစဉ်ထားတာပါ။
ဒီအစည်းအဝေးကို အွန်လိုင်းကမဟုတ်ဘဲ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကိုယ်တိုင် တက်ရောက်ဖို့ စီစဉ်ထားတာဖြစ်ပြီး ဟွန်ဆန်က အာဏာသိမ်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားထားတာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အာဆီယံနိုင်ငံ တွေရဲ့နိုင်ငံခြားရေးဝန်ကြီးအတော်များများဟာ လူကိုယ်တိုင်လာရောက်ဖို့ အခက်အခဲတွေရှိတယ်လို့ပြောလာတာကြောင့် အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ရတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက မီဒီယာတွေကို ပြောခဲ့ပါတယ်။

Public Service Announcement
မလေးရှားနိုင်ငံခြားရေးဝန်ကြီးကဆို နိုင်ငံအတွင်း မကြာခင်က ရေကြီးရေလျှံမှုကြောင့် ပါလီမန်အစည်းအဝေးအရေးတကြီး တက်ရောက်ရမှာမို့ ကမ္ဘောဒီယားမှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုမလာရောက်နိုင်တဲ့အကြောင်း ဆိုခဲ့တယ်လို့ သိရပါတယ်။
သံတမန်ရေးရာ လေ့လာသူတွေကတော့ မြန်မာစစ်ကောင်စီ ကိုဖိတ်ကြားထားတဲ့ ကမ္ဘောဒီးယား ကမကထ ကျင်းပမယ့် အစည်းအဝေးကို ရှောင်လွဲချင်တာကြောင့် အာဆီယံဒေသတွင်းနိုင်ငံအများစုဟာ အကြောင်းပြချက်ပေးတာလို့ သုံးသပ်ကြပါတယ်။
အာဆီယံဟာ မြန်မာ့အရေးကို ဖြေရှင်းဖို့ ပြီးခဲ့တဲ့ ဧပြီလက အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်ကာ သဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့ပေမယ့် အဲဒီသဘောတူညီချက်တွေကို စစ်ခေါင်းဆောင်က အကောင်အထည်မဖော်တာကြောင့် အာဆီယံအစည်းအဝေးတွေကိုတက်ရောက်ခွင့် ပိတ်ပင်ခဲ့တာပါ။
ဒါပေမယ့် ကမ္ဘောဒီးယားကတော့ ၂၀၂၂ နှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာပြီးနောက် မြန်မာ့အရေးကိုကွဲပြားခြားနားတဲ့ ရှုထောင့်ကနေ ချည်းကပ်ဖြေရှင်းမယ်ဆိုကာ နေပြည်တော်ကိုလာရောက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကိုလူရာသွင်းဖို့ ကြိုးပမ်းခဲ့တာပါ။
အဲဒီနောက် စစ်ကောင်စီ ကို ဟွန်ဆန်က သူအာဆီယံ ဥက္ကဋ္ဌ အဖြစ် ပထမဆုံးကျင်းပပေးမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဖိတ်ခဲ့ပေမယ့် တခြားသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက တက်ရောက်ဖို့အခက်အခဲရှိတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ရွှေ့ဆိုင်းလိုက်ရတဲ့အခြေအနေဖြစ်သွားပါတယ်။
ဒါအပြင် အဲဒီအစည်းအဝေးကို ဘယ်အချိန်မှာ ပြန်ကျင်းပနိုင်မယ်ဆိုတာကိုလည်းမသိရသေးပါဘူး။
ကိုးကား − Reuters , Thai PBS , SCMP


















































