ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစ၍ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေသို့ စစ်ကောင်စီတပ်က ဝင်ရောက်နေရာယူလာ၍ ကော့ကရိတ် အာရှလမ်းမအနီးဝန်းကျင်တွင် ဇန်နဝါရီ ၁၄ရက်မှစ၍ ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေသည်။
“ကျွန်တော်တို့ဘက်မှာ ဒီမနက် ၆နာရီခွဲ့ နေစပစ်နေပြီ။ ကျိုက်ဒုံလမ်းနဲ့ အနီးအနားတ၀ိုက်မှာပဲ။ အဲဒီမှာ အသံကြားတယ်။ ခုနက အလုံးကြီး(လက်နက်ကြီး)တွေလည်း ထပ်ထုတယ်”ဟု ဒေသခံက ပြောသည်။
ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က စစ်ရဟတ် ယာဉ်ပစ်ကူဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက် မှုမကြားရဟုလည်း ဆိုသည်။
ထို့ပြင် ဇန်နဝါရီ၁၅ရက် ညပိုင်းက မြ၀တီမြို့နယ် သင်္ဃန်းညီနောင်ရဲစခန်း ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံက ဆိုသည်။
“အတိုက်ခံရတာတော့ကြားတယ်။ အသေးစိတ်တော့ မသိရသေးဘူး”ဟု ၎င်းက ပြောသည်။
ကရင်သတင်းဌာန(KIC)၏ ဖော်ပြချက်တွင် ယမန်နေ့ည ၈နာရီခန့်က သင်္ဃန်းညီနောင် ရဲစခန်းကို လက်နက်ကိုင်အဖွဲ့တစ်ခုမှလာရောက်တိုက်ခိုက်၍ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု ဆိုသည်။
