Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းစစ်​ကောင်စီ ပြည်သူများ၏ ​တော်လှန်မှုကိုထိတ်လန့်​နေ၊ ​အောက်​ခြေစစ်သားများစိတ်ဓါတ်မကျ​အောင်နည်းမျိုးစုံသုံးကြိုးစား​နေရဟု ရဲမှူးကြီးတစ်ဦး​ပြော

စစ်ကောင်စီ၏ ပြည်ထဲရေးဒုဝန်ကြီး ဖြစ်သလို မြန်မာနိူင်ငံရဲတပ်ဖွဲ့ ရဲချုပ်လည်းဖြစ်သည့်သန်းလှိုင်က တိုင်းနှင့် ပြည်နယ် ရဲတပ်ဖွဲ့များအား လိုက်လံတွေ့ဆုံစဥ်က အတွေ့အကြုံကို အထက်ပါ ရဲမှူးကြီးက ပြောခြင်းဖြစ်သည်။

(ပြည်ထဲ​ရေးဝန်ကြီး အပါအဝင် အာဏာသိမ်းစစ်​ခေါင်း​ဆောင်အချို့ )

■”အာဏာသိမ်းတာနဲ့ ပတ်သက်လို့ ငါတို့က နောက်ဆုတ်လို့ မရတော့ဘူး။ မရရအောင် လုပ်ရမှာပဲ။ ငါတို့မနိုင်ရင် ငါတို့တစ်အုပ်စုလုံး ဒုက္ခရောက်မှာလို့ ပြောတာ။ သူတို့လည်း အခြေအနေမကောင်းတာ သိနေကြပါပြီ” -ရဲမှူးကြီးတစ်ဦး

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်အာဏာသိမ်းခဲ့ပြီး​နောက် ပြည်သူများ၏ ရဲရင့်စွာဖီဆန်​တွန်းလှန်မှုများ​ကြောင့် ထိန့်လန့်တုန်လှုပ်နေပြီး လက်အောက်ငယ်သားအဆင့်ဆင့် စိတ်ဓာတ်မကျအောင် နည်းမျိုးစုံကြိုးစားနေရသည်ဟု စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေဆဲ ရဲမှူးကြီးတစ်ဦးက ပြောသည်။

“ဝန်ကြီး( ပြည်ထဲ​ရေးဝန်ကြီး ဗိုလ်ချုပ်စိုးထွဋ်)က ကိုယ်တို့ပြည်နယ်ကို ရောက်လာတယ်။ ဌာနဆိုင်ရာတွေနဲ့ တွေ့တယ်။ မျက်နှာကို ပျက်နေတာပဲ။ စကားတွေလည်း အယောင်ယောင်အမှားမှားပြောတယ်။ အခုက အာဏာ သိမ်းတာလည်း မအောင်မြင်။ ပြည်မမှာလည်း PDF တွေက ပြောက်ကျားစနစ်နဲ့ချတာ အောင်မြင်နေတော့ ဒီအခြေအနေကို သူတို့(စစ်ကောင်စီခေါင်းဆောင်များ)ကြောက်နေကြတယ်” ဟု အထက်ပါရဲမှူးကြီးကပြောသည်။

စစ်ကောင်စီ၏ ပြည်ထဲရေးဒုဝန်ကြီး ဖြစ်သလို မြန်မာနိူင်ငံရဲတပ်ဖွဲ့ ရဲချုပ်လည်းဖြစ်သည့်သန်းလှိုင်က တိုင်းနှင့် ပြည်နယ် ရဲတပ်ဖွဲ့များအား လိုက်လံတွေ့ဆုံစဥ်က အတွေ့အကြုံကို အထက်ပါ ရဲမှူးကြီးက ပြောခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အာဏာသိမ်းတာနဲ့ ပတ်သက်လို့ ငါတို့က နောက်ဆုတ်လို့ မရတော့ဘူး။ မရရအောင် လုပ်ရမှာပဲ။ ငါတို့မနိုင်ရင် ငါတို့တစ်အုပ်စုလုံး ဒုက္ခရောက်မှာလို့ ပြောတာ။ သူတို့လည်း အခြေအနေမကောင်းတာ သိနေကြပါပြီ” ဟု ၎င်းကဆက်ပြောသည်။

PDFများအား လိုက်လံဖမ်းဆီး​ခြင်းနှင့် စုံစမ်းထောက် လှမ်းခြင်းကို တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ အမိန့်ဖြင့် လုပ်နေရပြီး စစ်သားများသည် ရဲယူနီဖောင်းများ ဝတ်ဆင်အသုံးပြုနေသည်ဟုလည်း အထက်ပါရဲမှူးကြီးက ဖွင့်ချသည်။

“စစ်သားတွေက ရဲယူနီဖောင်းတွေဝတ်တယ်။ အိမ်တွေထဲ ဝင်စီးရင် ဘာမှမဆိုင်တဲ့ မီးပူကအစ ယူချလာတယ်။ ရဲစစ်စစ်တွေ အဲ့ဒီလို မလုပ်ရဲဘူး။ ဟိုကောင်ကွာ မီးပူကြီး ခိုးလာတယ်လို့ အချင်းချင်းကြား စတာ နောက်တာမျိုးဆို သိပ်ရှက်တာ။ တော်တော်များများက ရဲယူနီဖောင်းဝတ် စစ်ကောင်စီတပ်တွေ” ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်ကလည်း နိုင်ငံတော်အာဏာသိမ်းပြီးနောက်ဆက်တွဲ အခြေအနေများကြောင့် ထိန့်လန့်နေ​ကြောင်း CDM လုပ်​နေသည့် တပ်မတော်အရာရှိအချို့က သတင်းမီဒီယာများတွင် ဖွင့်ချထားသည်။ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဇော်မင်းထွန်းကလည်း တပ်မတော်က နိုင်ငံတော် အာဏာသိမ်းသည့်ကို ဆန့်ကျင်ဆန္ဒပြနိုင်​ကြောင့် မျှော်လင့်ထားသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များဖွဲဲ့စည်းပြီး လက်နက်ကိုင်တော်လှန်မည့်အနေအထားကို ကြိုမတွေးမိခဲ့ဟု BBCသတင်းဌာနနှင့် အင်တာဗျူးတွင် ဝန်ခံထားသည်။

ထိုအပြင် စစ်​​ကောင်စီအနေဖြင့်နိုင်ငံတစ်ဝန်းစစ်ဘောင်ကျယ်လာပြီး​သေဆုံးသူများ၊တပ်မှထွက်ပြေးသူများ၊CDMပြုလုပ်သူများပြားလာသဖြင့်တပ်တွင်းအင်အားနည်းပါးလာခြင်း၊တပ်တွင်းမကျေနပ်မှုများပြားလာခြင်း တို့​ကြောင့် ထိုပြသာနာကို ကိုင်တွယ်​​ဖြေရှင်းနိုင်ရန် ရုန်းကန်​နေရသည်။ အဆိုးဆုံးမှာ ​ရှေ့တန်းတွင် စစ်​ကောင်စီတပ်များ ​​သေဆုံးမှုများလာ​သောအခါ တပ်ရင်းမှူးများက အထက်သို့အမှန်အတိုင်းမတင်ပြဘဲ ​သေဆုံး​သောစစ်သား်များကို တပ်မှထွက်​ပြေးသည်ဟု​ပြောကာ ၊​သေဆုံးသူအတွက်​ထောက်ပံ့​ကြေးမရသည့်အပြင် ​သေဆုံးသူမိသားစုများတပ်တွင်းမှ နှင်ချခံရခြင်း ၊ ​ စစ်​ကောင်စီတပ်သား​သေဆုံးသည်ကို တပ်ရင်းမှူးကအထက်မတင်ပြဘဲ တာဝန်ထမ်း​ဆောင်​နေသကဲ့သို့ လိမ်လည်ပြီး စစ်သား၏ခံစားခွင့်များ ရယူ​နေခြင်း စသည်လုပ်ရပ်များအ​ပေါ် တပ်တွင်း သိ့ရှိသူများလာပြီး မ​ကျေမတပ်ဖြစ်​နေကြ​ကြောင်း တပ်တွင်းသတင်းရင်းမြစ်များက​ပြောသည်။

ထို​ကြောင့် အာဏာသိမ်း​စစ်ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်သည် ယခုတစ်ပါတ်တွင် ​ရှေ့တန်း၌ ​သေဆုံးမှု ၊အဖမ်းခံရမှု ၊ တပ်တွင်ထွက်​ပြေးမှုများပြား​နေ​သော တနသာ်ရီတိုင်းမှ တပ်များကို သွား​ရောက် စည်းရုံး​ရေးဆင်း​နေသည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက် စကခ-၈၊ ဘုတ်ပြင်းမြို့အခြေစိုက် စကခ-၁၃ နှင့်ကော့သောင်းမြို့ခမောက်ကြီးအခြေစိုက် စကခ-၂၀ စသည့်စစ်ဆင်ရေးကွပ်ကဲမှုဌာ နချုပ် လက်အောက်ခံတပ်ရင်းများသည် ကရင်ပြည်နယ် တိုက်ပွဲများတွင် သွား​ရောက်တိုက်ခိုက်နေပြီး သေဆုံးမှုများပြားနေခြင်း၊ အရှင်ဖမ်းဆီးခံခြင်း ၊တချို့ စစ်သားများမှာ ​ရှေ့တန်းထွက်ခိုင်းရာ ထွက်​ပြေးခြင်းများ ဖြစ်​ပေါ်​နေ၍ အာဏာသိမ်းစစ်ခေါင်းဆောင်က ဇန်နဝါရီ၁၃ ရက်နှင့် ၁၄ ရက်တွင် ထားဝယ်မြို့နှင့်ဘုတ်ပြင်းမြို့များရှိအထက်ပါတပ်ရင်း များကို သွား​ရောက်​တွေ့ဆုံစည်းရုံး​နေ​ကြောင်းတပ်တွင်းသတင်းရင်းမြစ်များက ​ပြောသည်။

ထိုအပြင်နိုင်ငံတစ်ဝန်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်များအရှုံးနှင့် ရင်ဆိုင်နေရခြင်းမှာ စစ်ပွဲအောင်နိုင်ရာအချက်များ၌ အဓိကအချက်ဖြစ်သော ပြည်သူလူထုထောက်ခံမှု မရ၍ဖြစ်သည်ဟု အငြိမ်းစား တပ်မတော်အရာရှိကြီး တစ်ဦးက လူထုနွေဦးသို့ ပြောကြားသည်။

“ကျွန်တော်တို့လည်းရှမ်းတို့၊ကရင်တို့မှာတိုက်ခဲ့တာပဲ။ ကိုယ်တိုင်ကြီးကြပ်လာခဲ့သူတွေပါ။ တပ်မတော် သားတိုင်းသိထားတဲ့စစ်ပွဲအောင်နိုင်ရာအချက် ၁၄ရဲ့ နောက်ဆုံးအချက်မှာပြည်သူလူထုမထောက်ခံဘဲ၊ ပူးပေါင်းပါဝင်မှုမရှိဘဲ မအောင်နိုင်ဘူး။ အဓိကက ဒေသခံပြည်သူလူထုပဲ။ အခုစစ်ကောင်စီတိုက်တိုင်း ရှုံးနေတာ ပြည်သူထောက်ခံမှုမရလို့ပဲ။ အဲဒီတော့ ပြည်သူတွေ အခုလိုဆက်စည်းလုံးဖို့ပဲလိုတာ။ ပြည်သူတွေ ညီညွတ်ရင် ပြည်သူတွေလိုချင်တဲ့ အောင်ပွဲရမှာပါ”ဟု အထက်ပါ အငြိမ်းစားတပ်မ​တော်အရာရှိကြီးက ဆက်ပြောသည်။

အကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများ၊လေကြောင်းတိုက်ခိုက်မှုများဖြင့် အင်အားသုံးတိုက်ခိုက်နေ သော်လည်း အပြစ်မဲ့ပြည်သူများသေဆုံးသည်ကလွဲ၍ အနိုင်မရနိုင်ကြောင်း ကိုယ်တိုင်တိုက်ပွဲအတွေ့အကြုံရှိသူ အငြိမ်းစားတပ်မတော်အရာရှိကြီးက မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။