စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးဟုဆို
ချင်းပြည်နယ်သို့ ကလေးမြို့မှတစ်ဆင့် စစ်ကူတက်လာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မဟာမိတ်တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးကြောင်း Civic Defence Militia(CDM) – Siyin က ထုတ်ပြန်သည်။
ယနေ့(ဇန်ဝါရီ ၁၇ ရက်)နံနက် ၁၀နာရီက ချင်းပြည်နယ်နှင့် ကလေးမြို့ဆက်သွယ်ထားသော လမ်းအတိုင်းစစ်ကူ တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ကားကြီး သုံးစီးနှင့် စက်သေနတ်ပါ ကားသေးနှစ်စီးကို CNA၊ CDM Siyin၊ PDF Zoland၊ Zongam Army နှင့် CDF KKG-2 တို့မှ စုပေါင်းတိုက်ခိုက်ခဲ့ကြသည်။
ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းမှာ လိုရာခရီးမရောက်ဘဲ ချက်ချင်းပြန်လှည့်ဆင်းသွားရကြောင်း CDM – Siyinက ဆိုသည်။

Public Service Announcement
အကြမ်းဖက်စစ်ကောင်စီသည် ချင်းပြည်နယ်ကို ထိန်းချုပ်ရန်အတွက် ယခုလဆန်းပိုင်းကစ၍ အင်အား ဖြည့်တင်းခြင်းနှင့် ဗျူဟာအရအရေးပါသည့် နယ်မြေများကိုထိန်းချုပ်ရန် ကြိုးစားနေသည်။
သို့သော် ချင်းပြည်နယ် သို့ ဝင်ပေါက်ဖြစ်သည့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် မကွေးတိုင်း ယောဒေသတို့၌ အကြိမ်ကြိမ်ကြားဖြတ် တိုက်ခိုက်ခံနေရသည်။
ဇန်နဝါရီ ၁၃ ရက်ကလည်း ကလေးမြို့ မှတက်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်တပ်သား ၁၀၀ ကျော်ကို ချင်းပြည်နယ် မဟာမိတ်တပ်ပေါင်းစု၏ စုဖွဲ့ တိုက်ခိုက်မှုကြောင်း စစ်ကောင်စီတပ်သား ခုနှစ်ဦး သေဆုံးခဲ့သည်။


















































