စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာအနီး စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း)က ယနေ့ (ဇန်နဝါရီ ၁၉)ထုတ်ပြန်သည်။
ဇန်နဝါရီ ၁၆ နှင့် ၁၇ ရက်တို့တွင် ဘန်ဘွေးရွာနယ်အနီးတဝိုက်သို့ရောက်ရှိနေသည့် စစ်ကောင်စီတပ်များကို အဝေးပစ်၊ အနီးပစ်လက် နက်များဖြင့် ရန်သူ့အထိုင်ပစ်မှတ်နှင့် ရွေ့လျားတပ်စုများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ရန်သူထိခိုက်မှုကို အသေးစိတ်အတည်မပြုနိုင်ပေ။ မိမိတို့ဘက်မှ တော်လှန်ရေးအတွက် ကင်း ထောက်ခြင်း၊ ပစ်မှတ်ရှာဖွေအတည်ပြုခြင်းနှင့် ဗုံးကြဲခြင်း (STAR & Bombing) တာဝန်ထမ်းဆောင်လျက်ရှိသော ဒရုန်းတစ်စင်း ဆုံးရှုံးခဲ့ပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

တိုက်ခိုက်ခံရမှုအခြေအနေများကြောင့် စစ်ကောင်စီတပ်ဘက်မှ တန်ပြန်အဖျက်မှောက်လုပ်ရပ်များ ပြုလုပ်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် အရေးပေါ်ရှောင်တိမ်းနိုင်ရေးအစီအစဉ်များ ကြိုတင်ပြင်ဆင်ထားကြရန် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း)မှ တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက တိုက်တွန်းသည်။

Public Service Announcement
“ဒီလ(ဇန်နဝါရီ)ထဲမှာ စစ်ကောင်စီတပ်က အင် အား ၅၀၀ လောက် ပုလဲ၊ ယင်းမာပင်ဘက် စစ် ကြောင်းထိုးလာတယ်။ အဲထဲက ဘန့်ဘွေးဘက်မှာ စစ်ကြောင်းတစ်ကြောင်းပေါ့။ ဘယ်လိုပဲဖစ်ဖြစ် ကျွန်တော်တို့က ပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့အတွက် လူထုထဲမှာရောနှောနေထိုင်ပြီး ရရာလက်နက်နဲ့ ဆက်ပြီးခုခံတိုက်ခိုက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက တက်ပြောသည်။
အထက်ပါ ဘန့်ဘွေးရွာအနီးတိုက်ပွဲတွင် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း)၊ ဗျတ္တညီနောင်ပြောက်ကျားတပ်ဖွဲ့၊ မြွေဟောက်ပြောက်ကျားတပ်ဖွဲ့၊ ရိုးမဖိုက်တာပြောက်ကျားတပ်ဖွဲ့အပါအဝင် ကနီနှင့်ယင်းမာပင်မြို့နယ်များမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၈ ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။


















































