မန္တလေးနှင့် မုံရွာမြို့များတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ်ပြုလုပ်၍ ဆိုင်ပိတ်လျှင် အရေးယူမည်ဟု အာဏာသိမ်းစစ်ကောင်စီမှ ခြိမ်းခြောက်နေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဇန်နဝါရီလ ၂၆ ရက်နေ့)တွင်စစ်ကောင်စီ၏ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင် မန္တလေးစည်ပင်နယ်နိမိတ်အတွင်းရှိ စျေးများ၊ ရပ်ကွက်စျေးများ၊ စားသောက်ဆိုင်၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် လုပ်ငန်းများသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့၏ ဥပဒေမဲ့လှုံ့ဆော်မှုများကို ထောက်ခံအားပေးတဲ့အနေဖြင့် ဆိုင်များ၊ လုပ်ငန်းများပိတ်ခြင်း တွေ့ရှိရကြောင်း၊ ထိုကဲ့သို့ ဆက်လက်ဆောင်ရွက်နေပါက မန္တလေးစည်ပင်ဥပဒေ၊နည်းဥပဒေများအပြင် တည်ဆဲဥပဒေများနဲ့ပါ အရေးယူသွားမည်ဟု မန္တလေးစည်ပင်က စာထုတ်ပြန်ကာခြိမ်းခြောက်ထားသည်။
အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့တွင်လည်း ယနေ့နေ့လယ်ပိုင်းက စစ်ကောင်စီက ကျောက္ကာလမ်းတလျှောက် ကားဖြင့်လှည့်လည်၍ ဖေဖော်ဝါရီလ(၁)ရက်နေ့၊အသံတိတ်သပိတ်ပြုလုပ်ပြီး ဆိုင်ပိတ်လျှင် ဆိုင်ချိတ်ပိတ်၊အရေးယူခံရမည်ဟုအော်သွားကြောင်း ဒေသခံများက ပြောသည်။
၂၀၂၁ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီ၏ ခြိမ်းခြောက်မှုမျာယကြားမှ ရန်ကုန်၊ မန္တလေး မြို့ကြီးများအပါအဝင် နိုင်ငံတစ်ဝန်း စစ်အာဏာရှင်ကို ဆန်ကျင်ကြောင်းအသံတိတ်သပိတ်ပြုလုပ်ခဲ့ကြရာ ကမ္ဘာမီဒီယာများက အလေးထားဖော်ပြကြကာ ကမ္ဘာကပင် အံအားသင့်ခဲ့
ကြသည်။

Public Service Announcement


















































