Connect with us

Hi, what are you looking for?

News

ခံဝန်ထိုး ဆိုင်ဖွင့်ခိုင်းရလောက်အောင် အသံတိတ်သပိတ်ကို ကြောက်လန့်နေတဲ့ စစ်ကောင်စီ

အသံတိတ်သပိတ်ရဲ့ ရှေ့တန်းမျက်နှာ ရန်ကုန်၊ မန္တလေးအပါအဝင် နယ်မြို့တွေမှာပါ ဖေဖော်ဝါရီ ၁ ရက် သပိတ်မှာပါဝင်ရင် ဥပဒေမျိုးစုံနဲ့ အရေးယူမှာဖြစ်သလို ပိုင်ဆိုင်မှုတွေကို သိမ်းမယ်လို့ စစ်ကောင်စီက ကျယ်ကျယ်လောင်လောင် ခြိမ်းခြောက်နေတာပါ။

“လူထုဟာ အသံတိတ်သပိတ်မှာ သူတို့ပါဝင်ရမယ့် ပုံစံကို ရှာဖွေထားပြီးဖြစ်တယ်”

အာဏာသိမ်းနှစ်ပတ်လည်နေ့မှာ ပြုလုပ်မယ့်အသံတိတ်သပိတ် မအောင်မြင်ဖို့အတွက် မြို့ကြီးတွေအပါအဝင် နိုင်ငံအနှံ့မှာ စစ်ကောင်စီဟာ ဖိနှိပ် ခြိမ်းခြောက်နေပါတယ်။

အသံတိတ်သပိတ်ရဲ့ ရှေ့တန်းမျက်နှာ ရန်ကုန်၊ မန္တလေးအပါအဝင် နယ်မြို့တွေမှာပါ ဖေဖော်ဝါရီ ၁ ရက် သပိတ်မှာပါဝင်ရင် ဥပဒေမျိုးစုံနဲ့ အရေးယူမှာဖြစ်သလို ပိုင်ဆိုင်မှုတွေကို သိမ်းမယ်လို့ စစ်ကောင်စီက ကျယ်ကျယ်လောင်လောင် ခြိမ်းခြောက်နေတာပါ။

ဒီလို ခြိမ်းခြောက်တာကို စစ်ကောင်စီဟာ အသံတိတ်သပိတ်ကျင်းပမယ့်ဖေဖော်ဝါရီလ ၁ ရက်မတိုင်ခင် တစ်ပတ်လောက်အလိုမှာတည်းက အဆက်မပြတ်လုပ်လာတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အသံတိတ်သပိတ်နဲ့ပတ်သက်ပြီး လှုံဆော်တာ၊ ပါဝင်တာတွေအတွက် ထောင်ဒဏ် နှစ် ၂၀ လောက်ထိ ချလို့ရတဲ့ နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မနဲ့ပါ အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါသေးတယ်။

ဒါ့အပြင် မြေပြင်မှာလည်း သပိတ်နေ့မှာဈေးဆိုင်တွေ မဖွင့်မနေရလိုက်လံသတိပေးနေပြီး ဆိုင်ရှင်တွေကို ဝန်ခံကတိထိုးခိုင်းတာတွေရှိလာပါတယ်။

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်ထဲက စာရေးကိရိယာဆိုင်တစ်ဆိုင်ရဲ့ ဆိုင်ရှင်အမျိုးသမီး တစ်ဦး ပြောပြချက်အရ တော့ ဖေဖော်ဝါရီလ ၁ ရက်မှာ ဆိုင်ဖွင့်ပါမယ် ဆိုတဲ့ ဝန်ခံကတိကို စည်ပင်က ထိုးခိုင်းတယ်လို့သိရပါတယ်။

သပိတ်နေ့မှာ ဆိုင်ပိတ်ထားရင် ဒါမှမဟုတ် သံပုံးတီးတာ၊ လက်ခုပ်တီးတာ တွေလုပ်ရင် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲကာ ပိုင်ဆိုင်မှုတွေ သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်သွားသေးတယ်တဲ့အကြောင်း အဲဒီဆိုင်ရှင်အမျိုးသမီးက ပြောပြပါတယ်။

ဒါ့အပြင် အသံတိတ်သပိတ်နေ့မှာ ဆိုင်ပိတ်ထားမယ်လို့ ကြေညာထားတဲ့ ဆိုင်ရှင်တွေကိုပါ စစ်ကောင်စီက ဖမ်းပြနေတာတွေရှိနေပါတယ်။

မန္တလေးက မြင့်လှ ထိုးမုန့်ဆိုင်နဲ့ Blue BBQ ဆိုတဲ့အကင်ဆိုင်ရဲ့ ဆိုင်ရှင်တွေဆိုရင် အသံတိတ်သပိတ်ဆော်သြတယ်ဆိုကာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးခဲ့ပါတယ်။

စစ်ကောင်စီဟာ အသံတိတ်သပိတ်မအောင်မြင်ဖို့ မြေပြင်မှာရော အွန်လိုင်းမှာပါ ကြောက်လန့်အောင် ခြိမ်း ခြောက်မှုတွေကို ဆက်တိုက်လုပ်နေတာပါ။

စစ်ကောင်စီရဲ့ဝါဒဖြန့် မီဒီယာ မြဝတီကဆိုရင် အသံတိတ်သပိတ်မှာပါဝင်ရင် ကြီးလေးတဲ့ ဥပဒေတွေနဲ့အရေးယူခံရမယ်ဆိုတာကိုနေ့စဉ်ရက်ဆက် ဝါဒဖြန့်ခြိမ်းခြောက်နေတာတွေ့ရပါတယ်။

မြဝတီရဲ့ ထုတ်ပြန်ချက်အရဆို အသံတိတ်သပိတ်မှာ ပါဖို့နှိုးဆော်တဲ့ ဖေ့ဘွတ်ခ်အကောင့်ပိုင်ရှင် လူပေါင်း ၂၀ ကျော် နီးပါးကို အရေးယူထားတယ်လို့ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့နောက် အသံတိတ်သပိတ်ကို ပြီးခဲ့တဲ့မတ်လနဲ့ ဒီဇင်ဘာလတွေထဲဆင်နွှဲခဲ့တာဖြစ်ပြီး အဲဒီအချိန်တွေက လမ်းတွေပေါ်မှာ လူသူကင်းမဲ့သွားတဲ့အထိ အောင်မြင်ခဲ့တာတွေ့ရပါတယ်။

ဒီတစ်ခေါက်ထပ်လုပ်မယ့် အသံတိတ်သပိတ်ကတော့ အာဏာသိမ်းတဲ့ တစ်နှစ်ပြည့်တဲ့ နေ့ ဖြစ်တဲ့အတွက် သပိတ်အောင်မြင်မှာကို စစ်အုပ်စုဟာ ထိတ်လန့်နေတယ်လို့ သပိတ်အင်အားစုတွေက ပြောကြပါတယ်။

” ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ လှုပ်ရှားမှုကြီးကို သူတို့အင်မတန်ကြောက်ပါတယ်” လို့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာစန်းက မီဒီယာကို ဖြေထားပါတယ်။

ဒီသပိတ်ဟာ အာဏာသိမ်းတာ တစ်နှစ်ပြည့်သွားပေမယ့် အုပ်ချုပ်လို့မရဘူးဆိုတာကို လူထုက စစ်ကောင်စီကိုရော ကမ္ဘာကိုပါ ထပ်မံပြသဖို့ ရည်ရွယ်ထားတာပါ။

လူထုဟာ သွေးလည်းမအေးသွား၊ သွေးလည်းမကြောင်သွားဘူးဆိုတာကိုပါ ထပ်လောင်းပြသမှာဖြစ်တယ်လို့ သပိတ်အင်အားစုတွေက ပြောထားကြပါတယ်။

ဒါကြောင့်လည်း ဒီသပိတ်အထမမြောက်ဖို့အတွက် လူထုကိုခေတ်အဆက်ဆက် ဖိနှိပ်ရာမှာသုံးခဲ့တဲ့ နည်းကိုပဲ စစ်ကောင်စီက ဆက်သုံးလာတာလို့သပိတ်အင်အားစုတွေက သုံးသပ်ပါတယ်။

လူထုကိုကြောက်အောင်ခြောက်ပြီး ဖိနှိပ်တာဟာ လူထုလှုပ်ရှားမှုတွေအပေါ် စစ်အာဏာရှင်လုပ်တတ်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲလို့ ဒေါက်တာတေဇာစန်းက ပြောပါတယ်။

ခြိမ်းခြောက်မှုနဲ့အတူ အာဏာသိမ်းနှစ်ပတ်လည်နေ့မှာ သူတို့ကို ဆန့်ကျင်သူတွေမရှိဘဲ လမ်းတွေပေါ်မှာ စည်စည်ကားကားဖြစ်နေတာကို ပုံရိပ်ကောင်းအောင် ပြသနိုင်ဖို့ စစ်ကောင်စီဟာတဖက်မှာလည်းကြိုးပမ်းနေတာတွေ့ရပါတယ်။

အာဏာသိမ်းနှစ်ပတ်လည်နေ့ ရန်ကုန်မြို့လယ်ခေါင်မှာ စစ်တပ်ထောက်ခံပွဲကိုကျင်းပမှာဖြစ်ပြီး မန္တလေးမှာဆိုရင်လည်း နေ့ခင်းကြောင်တောင် စက်ဘီးပြိုင်ပွဲ လုပ်ဖို့ ရှိနေပါတယ်။

ရန်ကုန်က သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုနန်းလင်းကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ အာဏာရူးတာကို ပြသနေတာလို့ သူရဲ့ဖေ့ဘွတ်ခ်မှာအသံတိတ်သပိတ်နဲ့ပတ်သက်ပြီးရေးသားထားပါတယ်။

” ကမ္ဘာကိုရော၊ မြန်မာကိုပါ ဒီလူတွေ ဘယ်လောင်တောင် အာဏာရူးသလဲဆိုတာ ရှင်းရှင်းကြီးကိုပြသနေပါတယ်” လို့ကိုနန်းလင်းက ဆိုထားပါတယ်။

စစ်ကောင်စီဘက်က အသံတိတ်သပိတ်ပျက်အောင် နည်းလမ်းမျိုးစုံသုံးနေပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်ကတော့ လူထုကို သပိတ်မှာပါဖို့ ခြိမ်းခြောက်ဖိအားပေးတာမရှိဘဲ ခံယူချက်နဲ့သာဆင်နွှဲကြဖို့ တိုက်တွန်းထားတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ အသံတိတ် သပိတ် တွေတုန်း ကလည်း ဒီလို နည်းနဲ့ ဆင်နွှဲခဲ့ကြတာဖြစ်ပြီး လူထုဟာ ယုံကြည်ချက်အတိုင်း ပါဝင်ခဲ့ကြတယ်လို့ သပိတ်အင်အားစုတွေက ပြောကြပါတယ်။

လာမယ့် သပိတ်မှာလည်း လူထုဟာ သူတို့ပါဝင်ရမယ့် ပုံစံကို ရှာဖွေထားပြီးဖြစ်တယ်လို့ ဒေါက်တာတေဇာစန်းက မီဒီယာကို ပြောထားပါတယ်။

ဒီလိုသပိတ်မျိုးကို လူထုကို ယုံကြည်တဲ့အတွက် ဆင်နွှဲတာလို့လည်းသူကပြောပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။