▪️ရှေ့နေချုပ်၊ တရားသူကြီးချုပ်၊ ရွေးကော်ဥက္ကဌ နှင့် ဦးတေဇမိသားစုတို့ ပါဝင်
အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့သည် မြန်မာစစ်အာဏာရှင်များကို ပိတ်ဆို့အရေးယူမှုအသစ်များကို ချမှတ်ကြောင်း ယနေ့(ဇန်နဝါရီ ၃၁ ရက်)တွင် ကြေညာ သည်။
ပစ်မှတ်ထားပိတ်ဆို့ဒဏ်ခတ်ခံရသည့်စာရင်းတွင် ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ တင်တင်ဦး၊ တရားသူကြီးချုပ် ထွန်းထွန်းဦးတို့ ပါဝင်သည်။

အမေရိကန်၏ ပိတ်ဆို့ဒဏ်ခတ်သည့် ထပ်တိုးစာရင်းတွင် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် တေဇနှင့် ၎င်း၏သားနှစ်ဦး ပြည်ဖြိုးတေဇနှင့် ထူးထက်တေဇ၊ ဂျိုနသန်မျိုးကျော်သောင်း နှင့် ၎င်း၏ KT စီးပွားရေးလုပ်ငန်း၊ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လက်နက်ဝယ်ယူရေးဌာနတို့လည်း ပါဝင်သည်။

Public Service Announcement
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ခါနီးတစ်ရက်အလိုတွင် ဒီမိုကရေစီကို နှိမ်နှင်းရန်နှင့် ဒီမိုကရေစီ လိုလားသည့် အတိုက်အခံပြည်သူများ၏ အသံများကို နှိမ်နင်းရာတွင် အခရာဖြစ်သည့် စစ်အာဏာရှင် အဖွဲ့ဝင်သုံးဦးကို ပစ်မှတ်ထားအရေးယူပိတ်ဆို့ကြောင်း ဗြိတိန်အစိုးရ၏ ကြေညာချက်၌ ဖော်ပြသည်။

၂၀၂၀ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုပြီး အာဏာသိမ်းမှုကို တရားဝင်စေမည့် ကြိုးပမ်းမှုများတွင် အထောက်အထားမခိုင်လုံသော ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုများကို အားပေးခြင်းအတွက် အဆိုပါသုံးဦးတို့တွင် တာ၀န်ရှိသည်ဟု ဆို သည်။
ပိတ်ဆို့အရေးယူမှုအသစ်သည် ထိုပုဂ္ဂိုလ်အသီးသီး၏ ပိုင်ဆိုင်မှုများကို ကန့်သတ်လိုက်ပြီး ခရီးသွားလာခွင့်ကိုပါ ပိတ်ပင်တားဆီးသွားမည်ဖြစ်ကြောင်း ဗြိတိန်က ကြေညာသည်။
“ပြီးခဲ့တဲ့နှစ်အတွင်းက စစ်အာဏာရှင်ဟာ မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ဖို့ ကြိုးစားခဲ့ပါတယ်။ အကြောက်တရားနှင့် အကြမ်းဖက်မှုတွေက ကွဲပြားခြင်းနဲ့ပဋိပက္ခတွေကို ဖန်တီးခဲ့ကြပါတယ်။ ယူကေအစိုးရဟာ လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အမြဲကာကွယ်ပေးသွားမှာ ဖြစ်ပြီး ပြည်သူလူထုကို ဖိနှိပ်ပြီး ရက်စက်ကြမ်းကြုတ်သောစစ်အာဏာရှင်ကို ကျွန်မတို့ရဲ့ စိတ်တူသဘောတူနိုင်ငံတွေနဲ့အတူ ဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Liz Truss က ပြောသည်။


















































