သံပုံးတီးခြင်း တစ်နှစ်ပြည့်သောယနေ့(ဖေဖော်ဝါရီလ ၂ ရက်နေ့)ညတွင် ပြိုင်တူသံပုံးတီးပြီး စစ်မိစ္ဆာကိုတော်လှန်ကြောင်း ပြသရန် ရန်ကုန်လူထုသပိတ်ကော်မတီက နှိူးဆော်တိုက်တွန်းသည်။
“သံပုံးတီးသံ ပြန်ဆူညံ ဒို့တော်လှန်ရေးသွေးမအေးရန်”ဆိုသောကြွေးကြော်သံဖြင့် သံပုံးပြန်တီးတိုက်ထားခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂ ရက်နေ့သည် စစ်အာဏာရှင်မိစ္ဆာဆိုးများကို နှင်ထုတ်သည့်အနေဖြင့် သံပုံးတီးမောင်းထုတ်ခဲ့မှု တစ်နှစ်ပြည့်မည်ဖြစ်သည်။ဖက်ဆစ်စစ်တပ်သည် ပြည်သူများ၏ တော်လှန်စိတ်နှင့် ကြွေးကြော်သံများကို သွေးပျက်ကြောက်ရွံ့သည်ဆိုသည်မှာ သံပုံးတီးသံများက သက်သေထူနေကြောင်း၊မြို့ပြလူထုသည် လက်နက်ဖြင့် အပြင်းအထန်ဖိနှိပ်နေသော မိစ္ဆာစစ်တပ်ကြောင့် အခြေအနေတစ်ခုအရ တော်လှန်စိတ်ကိုမြိုသိပ်နေရသည်မှန်သော်လည်း တော်လှန်ရေးတွင် သွေးအေးသွားခြင်းမရှိကြောင်း၊ ထို့ကြောင့် မိစ္ဆာစစ်တပ်ကြောက်ရွံ့သော သံပုံးတီးသံများ၊ ကားဟွန်းတီးသံများ၊ လူထုကြွေးကြော်သံများဖြင့် တစ်နှစ်အတွင်းတော်လှန်ခဲ့သော မိမိတို့ပြည်သူများကို လေးစားဂုဏ်ပြုကြောင်း၊ တော်လှန်စိတ်ကို ပြန်လည်အားယူကြောင်းပြသသည့်အနေဖြင့် သံပုံးတီးသံ၊ ကားဟွန်းတီးသံများဖြင့် တော်လှန်ကြရန် ရန်ကုန်လူထုသပိတ်ကော်မတီက နှိုးဆော်သည်။
“မကျေနပ်ချက်တွေ၊ ခံပြင်းမှုတွေ၊ ဒေါသသံတွေ၊ တွန်းလှန်ချင်စိတ်တွေနဲ့အတူ ည ၈ နာရီတိုင်း သံပုံးသံတွေနဲ့တော်လှန်ရင်း စစ်မိစ္ဆာကို တစ်နိုင်ငံလုံးမောင်းထုတ်ခဲ့ကြတဲ့ အချိန်တွေကို အားလုံးအမှတ်ရကြမှာပါ။ သံပုံးတီးသံဟာ စစ်မိစ္ဆာများနဲ့ အပေါင်းအပါများကို တုန်လှုပ်ခြောက်ခြားစေရုံတင်မက ပြည်သူများနဲ့ တော်လှန်ရေးဘက်တော်သားများကို အားတက်စေပါတယ်။ ဒါကြောင့် သံပုံးတီးခြင်း ၁ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာလည်း ပြည်သူများအနေနဲ့ ည ၈ နာရီထိုးချိန်မှာ ပြိုင်တူသံပုံးတီးကြဖို့ ရန်ကုန်လူထုသပိတတိုက်တွန်းပါတယ်။”ဟု တိုက်တွန်းထားသည်။
