▪️စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂၁ကြိမ်ပြုလုပ်ပြီး လက်နက်ကြီးအချက်ပေါင်း ၅၀၀ကျော်ပစ်ခတ်ခဲ့၊ အရပ်သား၁၀ဦးထက်မနည်းသေဆုံးခဲ့ဟုဆို
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တိုက်ပွဲများတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှ အတည်ပြုနိုင်သည့် အကြမ်းဖက်စစ်ကောင်စီတပ်သားသေဆုံးမှုမှာ ၆၁ဦးရှိပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။
ထို့ပြင် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ လက်နက် ငယ်အချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြသည်။
ဖေဖော်ဝါရီ၁၆ရက်မှစ၍ အကြမ်းဖက်စစ်ကောင်စီ တပ်မှ ထိုးစစ်ဆင်လာ၍ ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်များသည် မိုးဗြဲမြို့အတွင်းတွင် တပ်စွဲထားပြီး စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

ဖေဖော်ဝါရီ ၁၇ရက်က ဖြစ်ခဲ့သည့် မိုးဗြဲမြို့ ဝါရီဆူးဖလိုင်တိုက်ပွဲအတွင်း၌ အကြမ်းဖက်စစ်ကောင်စီ၏ သံချပ်ကာ ကားနှစ်စီး ပျက်စီးခဲ့ပြီး ဖေဖော်ဝါရီ ၁၉ရက်တွင် လက်နက်ခဲယမ်းထောက်ပို့ကား သုံးစီးကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟုဆိုသည်။ ဖေဖော်ဝါရီ၂၀ ရက် အစောပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ လေကြောင်းဖြင့် လေထီးတပ်များဖွဲ့များနှင့် လက်နက်ခဲယမ်းများကို လာရောက်ပို့ဆောင်ခဲ့သည်ဟု ဖော်ပြသည်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ တိုက်လေယာဉ်များ၊ သံချပ်ကာ အမြောက်ကားများအပြင် တာဝေးပစ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲ ဖြစ်ပွားမှု ၆ရက်အတွင်း တိုက်လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှု ၂၁ကြိမ်ရှိခဲ့သည်ဟုဆိုသည်။

မိုးဗြဲအခြေစိုက် (ခမရ-၄၂၂)၊ လွိုင်ကော်အခြေစိုက် (ခလရ-၂၅၀)နှင့်(ခလရလ-၂၆၁)၊ ဒီးမော့ဆိုမြို့နယ် အခြေစိုက် (ခမရ – ၄၂၇) တို့မှ တာဝေးပစ်အမြောက်များဖြင့်သော ၁၂၀ (မမ) ၊၈၀ (မမ)တို့ဖြင့် တစ်နေ့ လျှင် ပစ်ခတ်မှုနှုန်း ၁၀၀ ကြိမ်ခန့်ဖြင့် အကြိမ်ပေါင်း ၅၀၀ကျော် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။
မိုးဗြဲမြို့နှင့် ဝါရီဆူးဖလိုင်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ဝါရီဆူးဖလိုင်ကျေးရွာနှင့် ဝီသဲကူးကျေးရွားများအတွင်း နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ပြီး၊ ဝါရီဆူးဖလိုင်မှ ကျေးရွာသားအချို့ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ကြောင်း KNDFက ထုတ်ပြန် သည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ မိုးဗြဲမြို့နှင့် အနီးတဝိုက် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေ ဆုံးမှုမှာ ၁၀ဦးနှင့် အထက်တွင်ရှိနိုင်ပြီး အတည်ပြုနိုင်ရန်ကြိုးစားလျက်ရှိသည်ဟု ဆိုသည်။
တိုက်ပွဲများအတွင်း KNDF မှ ရဲဘော် ငါးဦးနှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ် ဖွဲ့များမှ ရဲဘော်အချို့ကျဆုံးခဲ့ရာ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးသွားသော အာဇာနည်သူရဲကောင်းများကို အစဉ်အမြဲအမှတ်ရ အလေးပြုနေမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ထိုအပြင် အကြမ်းဖက်စစ်ကောင်စီတပ်သည် မိုးဗြဲမြို့မှ ဒီးမော့ဆိုမြို့နယ်သို့ အင်အားအများအပြားဖြင့် စစ်ကြောင်း ထိုးလျက်ရှိပြီး လွိုင်ကော်ဖက်မှ ဒီးမော့ဆိုဘက်သို့ စစ်ကြောင်းထိုးမည့် အရိပ်အယောင်များရှိသည်ဟုဆိုသည်။ ထို့ကြောင့် တိုက်ပွဲများပြင်းထန်လာနိုင်သဖြင့် မိုးဗြဲမြို့၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် လုံးဝ ခရီးသွားလာခြင်း မပြုကြပါရန် ပြည်သူများအား KNDFက တိုက်တွန်းနှိုးဆော်ထားသည်။


















































