မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် ကရင်နီဒေသတွင် စစ်ကောင်စီတပ်မှ သတ်ဖြတ်ခဲ့မှုကြောင့် အရပ်သားပြည်သူ ၂၂၁ ဦးသေဆုံးခဲ့ပြီး ခုခံတိုက်ပွဲများအတွင်း စစ်ကောင် စီတပ်မှ ၈၀၀နီးပါးသေဆုံးကာ တော်လှန်ရေးရဲဘော် ၈၇ဦးကျဆုံးခဲ့ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့ ထုတ်ပြန်သည်။
အာဏာသိမ်းပြီးနောက် ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကရင်နီပြည်အတွင်းစစ်ရေး နိုင်ငံရေးအခြေနေ အကျဉ်းချုပ်ကို PKPFက ဖော်ပြခဲ့ခြင်းဖြစ်သည်။

အရပ်သားသေဆုံးမှုမှာ သပိတ်အတွင်း သေဆုံးသူ ၂ဦး၊ စစ်ကောင်စီက အကြောင်းအမျိုးမျိုးဖြင့် သတ်ဖြတ်ခဲ့၍ သေဆုံးသူ ၂၀၃ဦး၊ စစ်ဘေးရှောင်စဉ် သေဆုံးသူ ၁၆ဦး စုစုပေါင်း ၂၂၁ဦး ရှိသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်က အကြောင်းအမျိုးမျိုးဖြင့်မတရားဖမ်းဆီးထားသည့် ပြည်သူ ၂၂၀ ဦးရှိသည်ဟု ဖော်ပြထားသည်။
ထို့ပြင် စစ်ကောင်စီတပ်ကို လက်နက်စွဲကိုင်တိုက်ခိုက်ရင်း တိုက်ပွဲ၌ ကျဆုံးခဲ့သူ ၈၇ဦးရှိသည်ဟု ဖော်ပြထားသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ ကရင်နီဒေသ၌ ပေါ်ပေါက်လာပြီး ကရင်နီတပ်မတော် အပါအဝင်ဒေသတွင်း တော်လှန်ရေးအင်အားစုများ စုပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

ဒေသတွင်း၌ တိုက်ပွဲစုစုပေါင်း ၁၈၇ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးသူ ၇၉၀ဦးရှိခဲ့ပြီး စစ်ကောင်စီ၏ ယာဉ် ၂၆ဦးထက်မနည်း ပျက်စီးခဲ့ကြောင်း PKPFက ထုတ်ပြန်သည်။ တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ၆၉ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် နေအိမ်များအား တမင်မီးရှို့ခြင်းတို့ကြောင့် ကရင်နီဒေသခံပြည်သူများ၏ နေအိမ် ၆၅၀ နီးပါးနှင့် ဘာသာရေးအဆောက်အဦး ၁၀ခုတို့ ပျက်ဆီးခဲ့ရသည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားရာဒေသများမှာ ဖားဆောင်း၊ မိုးဗြဲ၊ ဘောလခဲ၊ ဖရူဆို၊ ဒီးမော့ဆို၊ လွိုင်ကော်၊ ဖယ်ခုံ၊ ပင်လောင်းတို့ဖြစ်ပြီး ဒီးမော့ဆို နှင့် လွိုင်ကော်ဒေသများ၌ အများဆုံးတိုက်ပွဲဖြစ်ခဲ့သည်။


















































