Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီးမော့ဆိုတိုက်ပွဲ အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ တင့်ကားနှင့် အတွဲလိုက်ပစ် ရော့ကဒ်ဒုံးများသုံး၍ တိုက်ခိုက်

ကျောက်ဆည်ကန် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦး သေဆုံးခဲ့ပြီး ကရင်နီပူးပေါင်းတပ်များမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - KNDF

▪️စစ်ကောင်စီတပ် အကြမ်းဖက်သတ်ဖြတ်ခဲ့၍ ကလေးငယ်သုံးဦးအပါအဝင် အရပ်သား၁၁ဦးသေဆုံး

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် မတ်လ ပထမပတ်အတွင်းနေ့စဉ် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများပြားခဲ့ကာ ဒေသကာကွယ်ရေးတပ်မှ ရဲဘော်အချို့နှင့် အရပ်သားပြည်သူများလည်း အသက်ဆုံးရှုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်(KNDF) က ထုတ်ပြန်သည်။

ရှမ်းပြည်နယ် တောင်ဘက်မှ စတင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ထိုးစစ်ဆင်မှုသည် ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူရွာသစ်ကျေးရွာအုပ်စု၊ ပူဖားရွာနှင့် သေးဆူလဲရွာ အထိရောက်ရှိလာပြီး ၎င်းတို့ထိုးစစ်ဆင်မည့် လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို လမ်းကြောင်း ရှင်းလင်းသည့်အနေဖြင့် ကနဦးလေကြောင်းဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ပြီး မြေပြင်စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်ခဲ့သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ – KNDF

မတ်လ ၁ရက်နေ့ ဒီးမော့ဆိုမြို့နယ် ကျွန်းတောကျေးရွာတိုက်ပွဲ၌ အကြမ်းဖက်စစ် ကောင်စီတပ်ဘက်မှ တင့်ကားများအသုံးပြုတိုက်ခိုက်ခဲ့သော်လည်း ၄င်းတို့ဘက်သာ ထိ ခိုက်မှု များပြားခဲ့ကြောင်း၊ မတ်လ၂ရက်တွင် ဒေါဘူးကူးနှင့် ဒေါပီတကျေးရွာအကြား တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းနေ့ အစောပိုင်းတွင် ဆင်‌တောင်ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အရပ်သားပြည်သူ သုံးဦးအား သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့နောက် မတ်လ ၃ရက်တွင် ဒေါကမီးနှင့် ဆီးလီဒုန်းကျေးရွာအကြားတွင် တပ်စွဲ ထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ​လေးဦးသေဆုံးခဲ့ကြောင်း၊ မတ်လ ၄ရက်တွင် ပူဖားကျေးရွာနှင့် သေးဆူလဲ ကျေးရွာအတွင်း တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှ စစ်ကြောင်း သုံးကြောင်းနှင့် တင့်ကားများအပါအဝင် အတွဲလိုက်ပစ်ရော့ကဒ်ဒုံး (MLRS) များအသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ – KNDF

မတ်လ ၄ရက်တွင် ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအတွင်း တိုက်ပွဲတွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ​လေးဦးသေဆုံးပြီး မြေမြုပ်မိုင်းထိကာ အနည်းဆုံးငါး ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန် သည်။ ယင်းနေ့၌ပင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် နန်းဖဲကျေးရွာ အုပ်စု၊ ကွက် သစ်ကျေးရွာအတွင်း အရပ်သားပြည်သူ နှစ်ဦးအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပြီး ကွက်သစ်နှင့် သာယာကုန်းရပ်ကွက်အတွင်းရှိ နေအိမ်ငါးလုံးအား မီးရှို့ဖျက်ဆီးခဲ့သည်ဟုဖော်ပြသည်။

မတ်လ ၄ရက်ကလည်း နန်းဖဲတိုက်ပွဲနှင့် ဒီးမော့ဆို ပူဖားတိုက်ပွဲအတွင်း KNDF မှ ရဲဘော် နှစ်ဦးကျဆုံးခဲ့သည်ဟုဆိုသည်။

ဓာတ်ပုံ – KNDF

မတ်လ ၅ရက် ဒီး‌မော့ဆို ဆောင်ဒူရွာသစ်အုပ်စု ပူဖားကျေးရွာနှင့် သေးဆူလဲကျေးရွာတို့တွင် စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များမှ ပြောကျား တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း၊ မတ်လ ၆ရက်ကလည်း သေးဆူလဲကျေးရွာနှင့် ကျောက်ဆည်ကန် စိုက်ပျိုးလယ်ယာ ကွင်းတို့တွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များမှ ခုခံတိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုများ၍ တိုက်လေယာဉ် နှစ်စင်းဖြင့် ၇ကြိမ် တိုက်ခိုက်လာကြောင်း KNDFက ထုတ်ပြန်သည်။

ကျောက်ဆည်ကန် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦး သေဆုံးခဲ့ပြီး ကရင်နီပူးပေါင်းတပ်များမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

မတ်လ ၇ရက်ကလည်း နံနက်ပိုင်းမှ စ၍ ကျောက်ဆည်ကန်၊ ကုန်းသာနှင့် သေးဆူလဲကျေးရွာ အနီးတွင် တိုက်ပွဲများ ဆက်လျက်ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ အသုံးပြုကာ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးအနားကျေးရွာများသို့ လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း (၁၂) ကြိမ်ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၁၅) ဦး သေဆုံးခဲ့ပြီး လက်နက်ငယ်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – KNDF

ယနေ့နံနက်တွင်လည်း အကြမ်းဖက်စစ်တပ်က ဆောင်ဒူလာရွာအား လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ဆောင် ပျက်စီးခဲ့သည်ဟုဆိုသည်။ ထိုသို့ တိုက်ခိုက်မှုအပြီးတွင် ဆောင်ဒူလာရွာသို့ လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်ခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းဖော်ပြထားသည်။

ထိုပြင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွား ခြင်းမရှိသော လွိုင်ကောမြို့နယ် လယ်ထွဲကျေးရွာ အတွင်း လက်နက်ကြီးကျဉ်ကျရောက်ခဲ့ပြီး ကလေးငယ် သုံးဦးနှင့် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သားပြည်သူ ​ခြောက်ဦး အသက်ဆုံးရှုံးခဲ့ရပြီး အမျိုးသမီးငယ်တစ်ဦးနှင့် ၎င်း၏ ဖခင်တို့ ဒဏ်ရာရရှိခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်ပြည်သူများနှင့် အရပ်သားပြည်သူများသာ ခိုအောင်းနေသော ဆောင်ဒူကျေးရွာအား ဗုံးကြဲတိုက်ခိုက်ခြင်းမှာ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းသာဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန် ခြင်းပင်ဖြစ် ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။