▪️တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် တာဝန်ယူသွားမည်ဟု သပြေညိုပြောက်ကျားတပ်ဖွဲ့ ပြော
မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ပြည်သူများစီးနင်းလိုက်ပါလာသော ယာဥ်အား ထိခိုက်မိစေသဖြင့် တာဝန်ယူမှု ၊တာဝန်ခံမှုဖြင့် တာဝန်ယူသွားမည်ဖြစ်ကြောင်း သပြေညို ပြောက်ကျားတပ်ဖွဲ့က ယနေ့(မတ်လ ၁၅)တွင် ထုတ်ပြန် သည်။
“ပြည်သူ သုံးဦးပါတာ။အမျိုးသားတစ်ဦးခေါင်းပေါက် သွားတယ်။ဒါပေမယ့် မစိုးရိမ်ရဘူးလို့ ကာယကံရှင်နဲ့နီးစပ်သူက ပြောတယ်။လောလောဆယ် ဆေးကုနေတယ်။သိသိချင်း ကျွန်တော်တို့လိုအပ်တဲ့ အကူအညီပေးနိုင်ဖို့ ဆက်သွယ်တယ်။ဒါပေမယ့် ကြီးကြီးမားမားမဟုတ်ခဲ့ဘဲ အဆင်ပြေတယ်ဆိုတာအကြောင်း ပြန်တယ်”ဟု သပြေညို ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သို့သော် ထိခိုက်ခဲ့သူဆေးရုံမှ ဆင်းလာမည်ကို စောင့်ဆိုင်းနေပြီး တိုက်ရိုက်တောင်းပန်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement
ဖြစ်စဥ်မှာ မတ်လ၁၂ရက် ညနေ ၃နာရီ ၁၅မိနစ်တွင် မုံရွာ-အရာတော်လမ်းပေါ်တွင် ပျူစောထီးများလိုက်ပါသည့်ကားအား သတင်းရရှိသဖြင့် သပြေညိုပြောက်ကျားတပ်ဖွဲ့၊ ၊ Ayadaw Bone Naing- PDF(A.B.N.PDF)၊ AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့ တို့မှ ဦးဆောင်၍ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2) ၊ Excellent Flagတပ်ဖွဲ့၊ Knights Of The Red Land (KORL) ပြောက်ကျားတပ်ဖွဲ့၊ M.R.T.Fတပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF) ညီနောင် (၉)ဖွဲ့တို့မှ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သို့သော် စစ်ဆင်ရေးလုပ်ဆောင်ခဲ့ရာတွင် ပျူစောထီးကားအားမထိပဲ ပြည်သူများစီးနင်း လိုက်ပါလာသော ကားအား ထိခိုက်မိခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့တပ်ဖွဲ့များဖြစ်သည့်အတွက် စစ်ဆင်ရေးတိုင်း၌ ပြည်သူလူထုမထိခိုက်ရေးသည်သာ အဓိကဖြစ်ပြီး ယခုဖြစ်စဥ်အတွက် တောင်းပန်သည်ဟုလည်း သပြေညို ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။
သို့သော် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့များ၏ အနီး၌ နေထိုင်ခြင်း၊ဖြတ်သန်းသွားလာခြင်းများကို အတက်နိုင်ဆုံးရှောင်ကြဥ်ပေးရန်လည်း ပြည်သူ့တပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။


















































