●စစ်ကောင်စီတပ်သည် ဒီးမော့ဆို အနောက်ခြမ်းကိုထိန်းချုပ်လိုနေပြီးရှေ့တိုက်ပွဲပြင်းထန်နိုင်ဟုPDFပြော
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါငံခါး ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီက တစ်ပတ်အတွင်း ပြည်သူပိုင်နေအိမ် ၄၀လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့မှု အပေါ် စစ်ရေးအရ တုန့်ပြန်သွားမည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ သဘောထား ထုတ်ပြန်သည်။
ဒေါငံခါးကျေးရွာတွင် ဒီးမော့ဆို PDFပါဝင်သည့် ပူးပေါင်းအဖွဲ့ နှင့် စစ်ကောင်စီတပ်အကြား မတ်လ ၁၃ရက်တွင် တိုက်ပွဲပြင်းထန်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးများ အသုံးပြုတိုက်ခိုက်ခဲ့ခြင်း၊ လက်နက်ကြီးများအလွန်အကျွံ အသုံးပြုခဲ့ ခြင်းတို့ ကြောင့် ဒေါငံခါးရွာမှ ယာယီဆုတ်ပေးလိုက်ရကြောင်း ဖော်ပြထားသည်။
ခေတ္တဆုတ်ခွာပေးခဲ့ရသော ဒေါငံခါးကျေးရွာတွင်းသို့ အကြမ်းဖက်စစ် ကောင်စီတပ်က ပြည်သူပိုင်ပစ္စည်းများ ဖောက်ထွင်းခိုးယူပြီး ပြည်သူ့နေအိမ်များကိုလည်း တောက်လျှောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း DMO-Local PDFက ပြောသည်။ဒေါငံခါးအပါအဝင် ဒေသတွင်းရှိ ကျေးရွာများရှိ ပြည်သူလူထုပိုင် ပစ္စည်းများကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖောက်ထွင်းခိုးယူပြီး ပြည်သူပိုင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement
ပြည်သူလူထု အကျိုးစီးပွားကို မကာကွယ်ရုံသမက လုယက် ခိုးယူ၊ မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် စစ်ရေးအရ ပြန်လည်တုန့်ပြန် သွားမည်ဖြစ်ကြောင်း ဒီးမော့ဆို PDFက သဘောထားထုတ်ပြန်သည်။
“စခ တွေဟာဒီးမော့ဆို အနောက်ခြမ်းကို အရမ်းထိန်းချုပ်ချင်နေပြီ။နောက်ပြီး ပြည်နယ်ထဲမှာ စစ်ရေးအရ အရေးပါတဲ့ နေရာ သုံးခုကို လည်း သူတို့ လိုချင်နေတယ်။အခု ဒီကောင်တွေ အင်အားဖြည့်နေတယ်။ရှေ့လျှောက်တိုက်ပွဲက ပြင်းထန်ဖို့ပဲရှိတာ။ကျွန်တော်တို့ကတော့ ပြည် တွင်းပြည်ပက ပြည်သူတွေအားကို ယုံတယ်။ကျွန်တော်တို့ကို ဒီထက်ပို ထောက်ပံ့အားပေးကြဖို့ တိုက်တွန်းတယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ကရင်နီပြည်နယ်အတွင်း ဖေဖော်ဝါရီ ၁၅ ရက်က စ၍ အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ကြောင့်ဒေသခံ ပြည်သူနေအိမ် အလုံး ၁၀၀ ခန့် မီးရှို့ ဖျက်ဆီးခံရပြီး ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံထားရသည်။


















































