ရန်ကုန်မြို့တွင် လုပ်ခလစာ လျှော့ချခံရမှုနှင့်ပတ်သက် ၍ Food Panda ဝန်ထမ်းများ စုဝေးညှိနှိုင်းမှုကို အကြမ်းဖက်စစ်ကောင်စီတပ်က ပုံစံထိုင်ခိုင်းပြီး နောက် ထပ်ကျူးလွန်ပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့သူအချို့က People’s Spring သို့ ပြောသည်။
ယနေ့(မတ်လ ၂၁ ရက်)နံနက် ၁၁နာရီခန့်က ဗဟန်းမြို့ နယ် ဗိုလ်စိန်မှန်ကွင်းအတွင်း Food Panda Riders များ စုဝေးစဥ် အကြမ်းဖက်စစ် ကောင်စီတပ်သားများ ဝိုင်းခံခဲ့ရသည်ဟု ဆိုသည်။
“လူစုပြီး ၁၅ မိနစ်လောက်ပဲ ကြာမယ်။သူတို့ ကားတွေနဲ့ ဝင်ချလာတာ။ကွင်းထဲမှာ ပုံစံထိုင်ခိုင်းထားပြီးတစ်ယောက်ချင်းဆီကို ဓါတ်ပုံရိုက် စာရင်းမှတ်သွားတယ်။နောက်တခါ ထပ်စုရင် ဖမ်းမယ်ဆိုပြီးပါ ပြောတာ”ဟု ကိုယ်တွေ့ကြုံခဲ့ရသူ တစ်ဦးက ရှင်းပြသည်။
အစားအသောက်များများကို အိမ်တိုင်ရာရောက်ပို့ ဆောင်ပေးနေသည့် Food Panda လုပ်ငန်းတွင် ပို့ဆောင်ခ ထက်ဝက်ကျော်လျော့ချလိုက်ခြင်းကြောင့် မတ်လ ၁၆ရက်ကစ၍ ဝန်ထမ်းအများစုအလုပ်မှ ရပ်နားပြီး သပိတ်မှောက်တောင်းဆိုခဲ့သည်။

Public Service Announcement
ယခု ဖြစ်စဥ်မတိုင်မီက အနိမ့်ဆုံး အော်ဒါကြေးသည် ၆၅၀ကျပ်ဖြစ်သော်လည်း Food Pandaက မတ်လ ၁၆ ရက်ကစ၍ ၂၀၀ ကျပ်အထိ လျှော့ချခဲ့သည်ဟု သိရသည်။
ထို့ကြောင့် အခြေခံ အော်ဒါကြေး ၆၇၀ကျပ် နှင့် တစ်ကီလို ၁၅၀ကျပ် ရရှိရန် Food Panda Riders များက တောင်းဆိုလျှက်ရှိသည်။
အနိမ့်ဆုံး အော်ဒါကြေး ကျပ်၂၀၀ ဖြစ်ခဲ့ခြင်းသည် System မှားယွင်းခဲ့ခြင်းဖြစ်ပြီး တောင်းပန်ကြောင်း နှင့် အော်ဒါကြေးတိုးမြှင့်ပေးမည့် အစီအစဥ် နှင့် ဓာတ်ဆီ သုံးစွဲခအပိုကြေး ပေးသွားမည်ဟု Food Panda ကုမ္ပဏီဘက်က ပြန်လည်ဖြေရှင်းထားသည်။


















































