Connect with us

Hi, what are you looking for?

News

ယင်းမာပင် ဗိုလ်သံမဏိအဖွဲ့က လူ၁၀ဦးအား သတ်ဖြတ်မှု စုံစမ်းစစ်ဆေးပြီးပါက လိုအပ်သည့် အရေးယူမှုပြု လုပ်မည်ဟု NUG အသိပေး

ကျန်ရှိနေသေးသော သံသယရှိသူများ နှင့် သက်သေများကိုလည်း စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း ထုတ်ပြန်သည်။

People's Spring
People's Spring

▪️စုံစမ်းစစ်ဆေး အရေးယူမှုများကို နာခံခြင်းမရှိဘဲ မိမိတို့ စိတ်တိုင်းကျစီရင်မှုများကို လုံးဝခွင့်မပြုဟု ကြေညာ

ယင်းမာပင်မြို့နယ်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဗိုလ်သံမဏိဦးဆောင်သော ယင်းမာပင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်အချို့က ကိုထိုက်မောင်အပါအဝင်လာပို့ကျေးရွာသား (၆)ဦးနှင့် အခြား (၄)ဦးအား မှားယွင်းစီရင်ခဲ့သော မှုခင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးပြီးပါက လိုအပ်သည့် အရေးယူမှု ပြုလုပ်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြေညာ ချက်ထုတ်ပြန်သည်။

ယင်းမာပင်ဖြစ်စဉ်နှင့်ပတ်သက်ပြီး လူပျောက်မှုအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနထံ တိုင်ကြားမှုကို လက်ခံရရှိခဲ့ ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၁ ဒီဇင်ဘာ ၃ရက်တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ပြီး ကနဦးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် တစ်ရပ်အား တရားရေးဝန်ကြီးဌာနမှ ဥပဒေပညာရှင်များဖြင့်ပေါင်းစပ်၍ တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ယင်းမာပင်အမှုအပါအဝင် ဆက်စပ်အမှုများ၊ စစ်ရေးပြစ်မှုများအား စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများ၊ ကျူးလွန်သူများအား အရေးယူနိုင်စေရန်နှင့် နစ်နာသူများအား တရားမျှတမှု ခံစားရရှိနိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယင်းမာပင်ဖြစ်စဉ်နှင့်ပတ်သက်၍ ဗိုလ်သံမဏိ၊ နစ်နာသူမိသားစုဝင် (၁၁)ဦးနှင့် အခြားသက်သေ (၈) ဦးကို စုံစမ်းစစ်ဆေးခဲ့ပြီးနောက် တင်ပြလာသည့်ကြားဖြတ်အစီရင်ခံစာနှင့် သုံးသပ်တွေ့ရှိချက်များအရ ဗိုလ်သံမဏိ၏ လက်အောက်ခံ ကျေးရွာ ကာကွယ်ရေးအဖွဲ့ဝင် အချို့က Hero Tiger PDF အဖွဲ့ဝင်များဖြစ်သည့် လာဘို့ရွာမှ ကိုထိုက်မောင်အပါအဝင် ကျေးရွာသား (၆) ဦးကို မှားယွင်းစွပ်စွဲ သတ်ဖြတ်ကြောင်း၊ ထို့ပြင် မီးသတ်ရဲဘော် (၂) ဦး၊ ကားမောင်းသူ (၁) ဦးနှင့် ခြေထောက်ဒဏ်ရာရနေသော မီးသတ်ရဲဘော်အား ကူညီရန် လိုက်ပါလာသည့် လူငယ်တစ်ဦး တို့ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိသည်ဟု ဆိုသည်။

ကျန်ရှိနေသေးသော သံသယရှိသူများ နှင့် သက်သေများကိုလည်း စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း ထုတ်ပြန်သည်။

ယင်းအမှုအခင်းသည် ဒေသခံကာကွယ်ရေးအဖွဲ့ (၂) ဖွဲ့အကြား နားလည်မှုလွဲမှား အငြိုးအတေးထားမှုများကို အကြောင်းပြု သည်ဟု ကနဦး စီစစ်တွေ့ရှိရကြောင်း ဖော်ပြထားသည်။

စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင် ၏ စုံစမ်းစစ်ဆေးမှုပြီးစီးသည်နှင့် ပြစ်မှုကျူးလွန်သူများအား လိုအပ်သော အရေးယူမှုများကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းသို့ စုံစမ်းစစ်ဆေး အရေးယူမှုများကို နာခံခြင်းမရှိဘဲ မိမိတို့ စိတ်တိုင်းကျစီရင်မှုများကို လုံးဝခွင့်ပြုမည် မဟုတ်ပါကြောင်း NUGက ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် တရားသဖြင့်တော်လှန်သော ပြည်သူ့ခုခံတော်လှန်စစ်၏ အနှစ်သာရဖြစ်သည့် ပြည်သူတို့၏ ဘဝလုံခြုံမှုနှင့် တရားမျှတမှုကို ရှေးရှု၍ အပြစ်မဲ့ပြည်သူများကို ထိခိုက်မှု မရှိစေရန်အလို့ငှာ ပြစ်မှုကျူးလွန်သည့် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမဆို ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ကြေညာခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ စစ်ပွဲဆိုင်ရာစည်းမျဉ်းများ၊ စစ်သည်တော် ကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများနှင့် သစ္စာအဓိဌာန်(၄)ချက်ကို လိုက်နာကြရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအား ထိခိုက်စေသည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားကြရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook