မုံရွာ-မန္တလေးလမ်းမကြီးအား ယနေ့ မတ်လ ၂၆ ရက် ည ၈ နာရီမှစ၍ မတ်လ ၂၈ နံနက် ၅ နာရီအထိ ကျန်းမာရေးအတွက် အရေးကြီးကိစ္စရပ်များ (အရေးကြီးသော ကိစ္စရပ်များ) မှအပ အသုံးပြုခြင်းမပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံ တောင်းပန်ကြောင်း၊ မည်သည့်နေ့ရက် မည်သည့်အချိန်တွင်မဆို တော်လှန်ရေး အောင်မြင်သည့်အချိန်အထိမုံရွာ-မန္တလေးလမ်းမကြီးအား အသုံးပြုသွားလာနေကြသော မော်တော်ယာဉ်များသည် ကားမှန်များချ၍ သင့်တင့်သောအရှိန်နှုန်းဖြင့်သာ မောင်းနှင်ပေးကြပါရန်လည်း သတိပေးစာများ အကြိမ်ကြိမ်ထုတ်ပြန်ပြီးဖြစ်သည်ကို လေးစားစွာ ထပ်မံသတိပေးကြောင်း PDF-South Monywaက သတင်းထုတ်ပြန်သည်။
အလားတူ မုံရွာ-အမြင့်လမ်းပိုင်းအား ယနေ့ မတ်လ ၂၅ ရက်နေ့ည(၈)နာရီခွဲမှ စတင်၍ အရေးပေါ်အခြေနေဖြစ်နေပါသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန်နှင့် အရေးပေါ်ကိစ္စရှိမှသာလျှင် အသုံးပြုကြပါရန် ညီနောင်မဟာမိတ်များဖြစ်သည့်Monywa LightningPDF ၊Monywa Peregrine PDF ၊Black Wolf Defence force ၊ Chaung U Local Defence Force ၊ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် Chaung U Revolution Army ၊ Farmers Revolution Force CHU ၊Black Eagle People’s Defence Force၊ Monywa Brave Hearts MBH ၊Dragon Brother’s PDF နှင့်ဗန္ဓုလ-အဖွဲ့သားများ တို့မှ လမ်းအသုံးပြုခွင့်
ယာယီပိတ်ထားကြောင်း၊ လမ်းပြန်လည်အသုံးပြုခွင့်အား ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့များက အသိပေးသည်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသတွင်လည်း တောင်တွင်း ကလေးဝ ကားလမ်းပိုင်းအား ခေတ္တသွားလာခြင်းများ မပြုလုပ်ကြပါရန်၊ တောင်တွင်းဒေသအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် PDF တပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်ကို မိဘပြည်သူများ သိရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် နေရာမရွေး တိုက်ပွဲများဖြစ်နိုင်သည့်အတွက် အပြစ်မဲ့ ပြည်သူများ ကြားထဲမှ ထိခိုက်နစ်နာမည်ကို စိုးရိမ်သဖြင့် ကြိုတင် သတိပေးကြောင်း၊ မလိုက်နာသည့် ခရီးသွားယာဥ်များနှင့် မည်သည့်ကားများကိုမဆို မှားယွင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း TDPDF(MinGin)အဖွဲ့က အသိပေးထုတ်ပြန်သည်။


















































