တောင်သူများထံ စိုက်ပျိုးရေးချေးငွေလာတောင်းသည့် ရဲတစ်ဦးအပါအဝင် စစ်ကောင်စီ လက်အောက်ခံလေးဦး မိုင်းဆွဲခံရပြီး သေဆုံးကြောင်း ပဲခူးခရိုင် PDF က ထုတ်ပြန်သည်။
ယနေ့(မတ်လ ၃၀ရက်) နံနက် ၆နာရီ ၄၁မိနစ်တွင် စိုက်ပျိုးရေးချေးငွေ ကောက်ခံနေသူများအနက် ညောင်လေးပင်မြို့နယ်ထွေအုပ်မှ ထူးစေး၊ ရာအိမ်မှူးကုလား ခေါ်တင်စိုး၊ ပြည်တော်အေး ရာအိမ်မှူးနိုင်ဝင်းနှင့် ရဲတစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ပေါက်ကုန်းလေးအုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးခန့်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးခရိုင် PDFက အသိပေးသည်။
အလားတူ ယနေ့နံနက် ၅နာရီ မိနစ်၄၀ခန့်က ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ပဲခူးခရိုင်တပ်ရင်း(၁)၊ တပ်ခွဲ(၁) Eagle Guerilla Forceမှ ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement
ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁)အနေဖြင့် အာဏာသိမ်း စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များကို အရှိန်အဟုန်မြင့်တိုက်ခိုက် သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် နီးစပ်သော နေရာများ အား ရှောင်ရှားကြရန် တိုက်တွန်းသည်။
