စစ်ကိုင်းတိုင်း မုံရွာမြို့တွင် သင်္ကြန်အကတိုက်ရန်ပြင်ဆင်နေသည့် မုံရွာစီးပွားရေးတက္ကသိုလ်ဝင်းအတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိကြောင်း Peeople’s Defence Force – South Monywaက အသိပေးထုတ်ပြန်သည်။

ယမန်နေ့(ဧပြီ ၁ရက်)ည ၁၀နာရီခွဲခန့်တွင် Peeople’s Defence Force – South Monywa နှင့် Black Dragon Special Task Force တို့မှ ဦးဆောင်၍ အခြား မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်း ၅ ဖွဲ့ဖြစ်သော Golden Eagle Force၊ Knights Of The Red Land၊ Naung Yoe LDF၊Monywa Fighter Group (MFG)၊ ပတ္တမြားညီနောင်တို့နှင့်လက်တွဲကာ မုံရွာစီးပွားရေးတက္ကသိုလ်တွင် သင်္ကြန်အတွက် အကတိုက်ရန် ပြင်ဆင်နေကြသော အကြမ်းဖက်စစ်ကောင်စီ စစ်သားနှင့် ရဲသားများအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လျှော့တိုက်ဒုံး ၁၀လုံး၊ ၄၀(မမ) ၁၅လုံး၊ ၆၀(မမ)နှစ်လုံး၊ လက်ပစ်ဗုံး ၁၅လုံး၊ လက်လုပ် Short ဂမ်း – ၄လက် (ကျည် ၁၅တောင့်)၊ လက်လုပ် 7.62 – ၂လက် (ကျည် ၈တောင့်)၊ လက်လုပ် 5.56 – ၄လက် (ကျည်၁၈တောင့်)၊ M22 – ၁လက်(ကျည် ၉ တောင့်) ၊UZI – ၁ လက်(ကျည် ၃ တောင့်)နှင့် အင်အား၄၀ကျော် သုံးကာဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁ဝဦးမှ ၁၅ဦးဝန်းကျင် ထိခိုက်နိုင်ကြောင်း Peeople’s Defence Force – South Monywaက အသိပေးသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် တက္ကသိုလ်ဝင်းရှိ အဆောက်အအုံတစ်ခုပေါ်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲ ပျက်စီးခဲ့ကြောင်းဒေသခံများက ပြောသည်။

Public Service Announcement
ပြီးခဲ့သည့် မတ်လ၃၀ရက် ညပိုင်းကလည်း မုံရွာစီးပွားရေးတက္ကသိုလ်ဝင်းရှိ သင်္ကြန်အတွက် အကတိုက်နေသော စစ်ကောင်စီဘက်တော်သားများကို PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
















































