မတူပီမှ စစ်ယာဉ်တန်းပြန်လာပါကလည်း ပြင်းထန်စွာတိုက်ခိုက်မည်ဟု မင်းတပ် CDFပြော
မကွေးတိုင်း ကျောက်ထုလေယာဉ်ကွင်းမှထွက်လာသည့် စစ်ကောင်စီတပ်၏ လက်နက်ရိက္ခာ အင်အားပို့ စစ်ယာဉ်တန်းသည် မင်းတပ်မှ မတူပီမြို့သို့ သွားရောက်ရာ ယာဉ်တန်းနှင့် ယာဉ်တန်းလုံခြုံရေး စစ်ကောင်စီတပ်များကို ချင်းဒေသကာကွယ်ရေးတပ် (CDF)များက တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ အနည်းဆုံး ၄၇ဦး သေဆုံးခဲ့ကြောင်း မတူပီနှင့် မင်းတပ် CDF တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များ၌ တွေ့ရသည်။
ကျောက်ထုမှ မင်းတပ်မြို့သို့ ရောက်ရှိလာသည့် ယာဉ်စီးရေ ၈၀ကျော် ယာဉ်တန်းသည် မတ်လ ၂၆ရက်တွင် မင်းတပ်မှ မတူပီမြို့သို့ စတင်ထွက်ခွာရာ မိုင် ၁၀၀ ဝန်းကျင် ခရီးကို ယနေ့(ဧပြီ ၇ရက်) နံနက်ပိုင်းထိ မရောက်သေးပေ။
အဆိုပါ စစ်အင်အားဖြည့်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဧပြီ ၇ရက် နံနက် ၆နာရီခွဲ ဝန်းကျင်မှစ၍ မတူပီ CDFက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွား နေကြောင်း မတူပီ CDFက ယနေ့ ထုတ်ပြန်သည်။

Public Service Announcement
ယင်းစစ်ယာဉ်တန်းကိုလည်း မင်းတပ် CDFက မတ်လ ၂၆ရက်မှစ၍ နေ့စဉ်နီးပါးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၂၂ဦးခန့်သေဆုံး ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။
“ကျွန်တော်တို့ တရားဝင်ထုတ်ပြန်တာတော့ ၂၂ယောက်(စစ်ကောင်စီတပ်က သေဆုံးသူ)ရှိတာ ပေါ့။ ဒါပေမဲ့တော့ တိုက်ပွဲကတော့ နေ့စဉ်နီးပါး မနက်ယာဉ်တန်းစထွက်တယ်ဆိုကတည်းက တိုက်ပွဲဖြစ်တယ်။ အတိအကျ မပြောနိုင်တဲ့အတွက် မထုတ်ပြန်တာတွေရှိတယ်။ ဒါပေမဲ့ အထိအခိုက် အကျအဆုံးက အများဆုံးဖြစ်မှာပဲ”ဟု ၎င်းက ဆိုသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်အနေဖြင့် တစ်ရက်လျင် ၅မိုင်ခန့်သာ ခရီးဆက် နိုင်သည့် အခြေအနေရှိကြောင်း ဆလိုင်းဟာအွမ်က ပြောသည်။
“ရာသီဥတုကလည်း မတ်လဖြစ်တဲ့အတွက် တောတောင်မှာ တောင်ယာမီးတွေ ရှို့တယ် မီးခိုးမိုင်းတွေရော ရာသီဥတုက မိုးရွာလိုမှိုင်းနေတာရောဆိုရင် ကျွန်တော်တို့က အနီးကပ်ကို RPGနဲ့ သွားပစ်တာမျိုးတွေရှိတယ်။ အကျအဆုံးများတယ်ဆိုတာ သေချာတယ် မသေချာတဲ့ ဘယ်လောက်ရှိတယ် ဘယ်လောက်ရှိတယ်ဆိုတာ မထုတ်ပြန်တာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါစစ်ယာဉ်တန်း မတူပီမှ မင်းတပ်သို့ ပြန်လာပါကလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် ပြင်ဆင်ထားပြီး အဆိုပါလမ်းပိုင်းကိုပင် ပြည်သူများ အသုံးမပြုသေးရန် ပိတ်ထားဆဲဖြစ် သည်ဟု ဆိုသည်။
မတူပီ CDFအနေဖြင့်လည်း အဆိုပါ စစ်ယာဉ်တန်းကို သွားကြိုသည့် မတူပီအခြေစိုက် စစ်ကောင်စီတပ်ကို မတ်လ ၃၀ရက်မှစ၍ ခြုံခိုတိုက်ခိုက်မှု ၊ မိုင်းဆွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
မတ်လ ၃၀ရက်မှ ဧပြီ ၇ရက်အတွင်း မတူပီ CDF ၏ ထုတ်ပြန်ချက်များအရ ၎င်းတို့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦးထက်မနည်းသေဆုံးပြီး သေဆုံးသူများ၌ အရာရှိ တစ်ဦး ပါဝင်သည်ဟု ဆိုသည်။
ထိုသို့ အထိနာခြင်းကြောင့် စစ်ကောင်စီတပ်သည် မတူပီမြို့နယ်ရှိ ကျေးရွာအချို့ရှိ နေအိမ်များ ကို မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်ခဲ့ကြောင်း မတူပီ CDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
စစ်ကောင်စီယာဉ်တန်းသည် မင်းတပ် – မတူပီလမ်း မိုင်တိုင်(၇၇)၊ မိုင်တိုင်(၈၁)၊ မိုင်တိုင်(၈၂) နှင့်(၈၄)တို့ရှိ ကျေးရွာများမှ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဧပြီ ၆ရက် တွင် မတူပီ CDFက ထုတ်ပြန်ထားသည်။


















































