မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် ထိုးစစ်ဆင်နေသည့် အကြမ်းဖက်စစ် ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ရာ စစ်သားသုံးဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ် (YPDF)က ထုတ်ပြန်သည်။
ယနေ့(ဧပြီ ၇ ရက်)နံနက် ၁နာရီခန့်ကစ၍ ပခန်းငယ်ရွာအနီးတွင်မိုင်းဆွဲ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အထိအခိုက်ရှိနိုင်သော်လည်း အတိအကျအား မသိရှိရသေးဟု ဆိုသည်။
ထို့နောက် ယနေ့နံနက် ၁၁ နာရီခန့်က ရေလယ်ကျွန်းမှလာသော စစ်ကောင်စီကားသုံးစီးကို ဇီးကုန်းရွာအနီးတွင် မိုင်းနှစ်လုံးဆွဲ တိုက်ခိုက် ရာ အများအပြားထိခိုက်မှုရှိပြီး သုံးဦးနေရာတွင်ပင် သေဆုံးသည်ဟု ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ်က အသိပေးသည်။
မိုင်းဆွဲတိုက်ခိုက်ခံရသော အကြမ်းဖက်စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်သော ကြောင့်ပြည်သူ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

Public Service Announcement
“မနက်အစောပိုင်းဖြစ်စဥ်ကကြတော့ အတည်ပြုဖို့ခက်တယ်ဗျ။ဘာမှ မမြင်ရတော့ ။ဒါပေမယ့် မိုင်းတော့ ထိတယ်ဆိုတာ အတည်ပြုနိုင်တယ်။အခု ဒီကောင်တွေရမ်းပစ်လို့ ထိတဲ့ ယာခင်း ထဲက ပြည်သူကိုတော့ ဆေးရုံပို့လိုက်နိုင်တယ်”ဟု YPDF တာဝန်ရှိသူက People’s Springသို့ ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဥ် နှစ်ခုစလုံးတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
အကြမ်းဖက်စစ်တပ်သည်ဧပြီ ၂ ရက်ကစ၍ ရေစကြို၊ ရေလယ်ကျွန်းဒေသသို့ ဝင်ရောက် လာပြီးနောက် ကျေး ရွာ ၉ ရွာထက်မနည်း မီးရှို့ခံရကာ ပြည်သူ သုံးဦး သတ်ဖြတ်ခံရပြီး ဒေသခံထောင်နှင့်ချီ၍ ထွက်ပြေးနေရဆဲ ဖြစ်သည်။
ထို့အပြင် ရေလယ်ကျွန်းဒေသသို့ အကြမ်းစစ်ကောင်စီတပ်များ ဝင်ရောက်လာ၍ မိသားစုကိုကယ်ထုတ်ရန် ကြိုးပမ်းခဲ့သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် လူငယ်ရဲဘော်တစ်ဦး ယမန်နေ့က ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။
(ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်)


















































