▪️ကန်နိုင်ငံခြားရေးအတိုင်ပင်ခံနှင့်တွေ့ဆုံအပြီး သတင်းကောင်းများ ထပ်မံ ကြားရမည်ဟု NUG ဝန်ကြီးအသိပေး
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ခံမှုရှိစေရေး အမေရိကန်အစိုးရက ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က ပြောသည်။
အထက်ပါ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ အားလုံးပါဝင်သော ဒီမိုကရက်တစ်အနာဂတ်အတွက် အမေရိကန်၏ အားပေးထောက်ခံမှုကို အလေးပေးပြောကြားခဲ့သည်ဟု သတင်း ထုတ်ပြန်သည်။
NUG ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးအောင်မျိုးမင်းက အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ နှင့်တွေ့ဆုံမှုအပြီးတွင် “သတင်းကောင်းတွေ ထပ်မံကြားကြရမှာပါ” ဟု ၎င်း၏ ဖေ့စ်ဘုတ်လူမှု ကွန်ရက်မှအသိပေးသည်။
အတိုင်ပင်ခံ Derek Chollet နှင့်တွေ့ဆုံရာတွင် မြန်မာ့ဒီမိုကရေစီအတွက် ပိုမိုကူညီလုပ်ဆောင်မည့်အကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ရာဇဝတ်မှုကျူးလွန်မှုများအပေါ် တရားမျှတမှုဖော်ဆောင်နိုင်ရေး မြန်မာပြည်သူများအတွက် ကြိုးပမ်းသွားမည့်အကြောင်းတို့ကို ဆွေးနွေးခဲ့သည်ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။
ထို့အပြင် NUG ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားဗျူရို လက်ထောက်ဝန်ကြီး Lisa Peterson ၊ လူ့အခွင့်အရေးမြှင့်တင်ရေး အထူးကိုယ်စားလှယ် Jessica Stern တို့နှင့်တွေ့ဆုံကာ LGBTQI+ များအတွက် စိန်ခေါ်မှု များအပါအဝင် မြန်မာ့အကျပ်အတည်းများကို ဆွေးနွေးခဲ့သည်။
(NUG ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးအောင်မျိုးမင်းက အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံတို့ မှတ်တမ်းရိုက်ကူးနေစဥ်၊ ဓာတ်ပုံ – US. Asia Pacific Media Hub)