ရန်ကုန်မြို့တွင် “နန်းထိုက်အောင်” စစ်ဆင်ရေးအဖြစ် ဧပြီ၉ရက်က စတင်ရာ နှစ်ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အဓိကနေရာများနှင့် ဗိုလ်မှူးတစ်ဦး ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယနေ့ (ဧပြီ၁၀ရက်)ညနေ ၄နာရီခန့်က “နန်းထိုက်အောင်” စစ်ဆင်ရေးအဖြစ် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းယားလမ်းပေါ် ဇော်ဂျီလမ်းနှင့် ပန်းဝါလမ်းထောင့်ရှိ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် စိုးဝင်းတို့ နေအိမ်ရှိရာ အိမ်ရာဝင်းဂိတ်အား ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။
” ဒီနေ့ မစ်ရှင်ကတော့ ပြည်သူလူထုအားလုံးလည်း စိတ်ဝင်စားနိုင်တဲ့ ပစ်ခတ်တိုက်ခိုက်မှု မစ်ရှင်ဖြစ်တယ်။ ပြီးတော့တကယ့်နေရာကိုလည်း ကျွန်တော်တို့ဘက်က သူတို့လုံခြုံရေး အတွင်းစည်း ဖရဲသီးတွေရဲ့ သတင်းပေးပို့ချက်အရ အလစ်အငိုက်ဝင်ပြီးတော့ ပစ်ရတဲ့ အနေအထားမျိုးပေါ့။ အဲဒီအနေအထားမှာ သုံးယောက်လောက်က ပိုးလိုးပက်လက်ဖြစ်တယ် တစ်ယောက်သေတယ်လို့တော့ သူတို့ သတင်းရပ်ကွက်ကနေ အတည်ပြု ထားတယ်ပေါ့။ ကျွန်တော်တို့ ထင်တာတော့ ပစ်ခတ်တိုက်ခိုက်မှုကတော့ သုံးယောက်လုံးသေဖို့ တော့များတယ်။ ဒါပေမဲ့ သူတို့ဘက်က တစ်ယောက်သေတယ်လို့ အတည်ပြုထားတယ် အဲဒီအနေအထားပါပဲ”ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။
ထို့အပြင် ယနေ့(ဧပြီ ၁၀ရက်) ညနေ ၆နာရီခန့်က လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးဝင်ပေါက်အနီး မော်တင် ဆိပ်ကမ်းတွင် ရှိနေသော စစ်ကောင်စီ၏ လမ်းမတော် မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင်အား မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့က ပစ်ခတ် ရှင်းလင်းခဲ့သည်။

Public Service Announcement
အလားတူ ယနေ့ ညနေ ၅နာရီက လှိုင်မြို့နယ် (၁၂)ရပ်ကွက်ရှိ တပ်မတော် ချည်မျှင်နှင့် အထည်ချုပ်စက်ရုံဝင်ပေါက်တွင်လည်း လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ဝန်ထမ်းနှစ်ဦး ထိခိုက်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်မှာ “နန်းထိုက်အောင်” စစ်ဆင်ရေးဟုတ်၊မဟုတ် အတည်မပြုနိုင်သေးပေ။
“အရေးပေါ်ကားတွေလည်း လာတယ်။စခ DCကား နှစ်စီးလည်း အင်းစိန်လမ်းမပေါ် ရပ်ထားတယ်”ဟု လှိုင်မြို့နယ် (၁၂)ရပ်ကွက်နေသူများက ပြောသည်။
ထိုသို့ ပစ်ခတ်ပေါက်ကွဲမှုများကြောင့် စစ်ကောင်စီတပ်သားများက ရန်ကုန်မြို့ တွင်း လမ်းပိုင်း များ၌ အင်အားအများအပြားဖြင့် လမ်းပိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
“နန်းထိုက်အောင်”စစ်ဆင်ရေးအဖြစ် ယမန်နေ့ကလည်း မြို့တော်ဂေါက်ကွင်း နှင့် မင်္ဂလာဒုံ လေတပ်စခန်းကို ရန်ကုန်တိုင်းတော်လှန်ရေးအင်အားစုများက ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက် ထားသည်။
ရန်ကုန်မြို့ပြစစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် “နန်းထိုက်အောင်” စစ်ဆင်ရေး စတင်ပြီဖြစ် ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက ဧပြီ ၉ရက်တွင် ပြောကြားသည်။
