▪️ပြည်သူ့ရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့
တိုက်ပွဲပြင်းထန်နေသည့် မြိုင်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကို နည်းမျိုးစုံပြန်လည်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က အကျအဆုံးများသလို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကလည်း နှစ်ဦးကျဆုံးခဲ့သည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော God Of Myaing နှင့်အတူ မဟာမိတ်ပူးပေါင်းအဖွဲ့က မြိုင်မြို့ ဗဟင်းရွာနှင့် ကန်တောင့်ရွာကြား တိုက်ပွဲအခြေအနေကို ယနေ့ ထုတ်ပြန်ထားသည်။
ဧပြီ ၆ရက်မှ ဧပြီ ၁၀ရက်အထိတိုက်ပွဲအတွင်း စစ်ကောင် စီဘက်က ၁၀ဦးထက်မနည်းသေဆုံးကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ နှစ်ဦးကျဆုံး၊ ၁၂ဦး ဒဏ်ရာရခဲ့သည်ဟု God Of Myaingကသတင်းထုတ်ပြန်ထားသည်။

Public Service Announcement
တိုက်ပွဲဖြစ်နေချိန် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်
တစ်ခုကို God Of Myaingက ထုတ်ပြန်ထားရာ ပြည်သူ့ကာကွယ်ရေးရဲဘော်များက ခိုင်မာသည့်အဆောက်အဦးထဲမှနေ၍ စစ်ကောင်စီအား တိုက်ခိုက်နေသည်ကို တွေ့ရသည်။
မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် 7 Stars အဖွဲ့ကလည်း စစ်ကောင်စီ စခန်းချထားသည့်အဆောက်အဦတစ်လုံးနှင့် ကျောက်ခွက်ရေနံမြေရဲစခန်းအား လက်လုပ်လက်နက်ကြီးငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယနေ့(ဧပြီ ၁၂ရက်) နေ့လယ်၂ နာရီခန့်နှင့် ညနေ ၅နာရီခန့်က အထက်ပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီ ထိခိုက်ခဲ့သော်လည်း အသေးစိတ်သတင်းမရသေးဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
မြိုင်နယ်သို့ ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် မတ်လကုန်ခန့်ကစတင်ကာ ယင်းမာပင်မြို့ဘက်မှ ခြေလျင်စစ်ကြောင်းဖြင့် လာခဲ့သည့် စစ်ကြောင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လမ်းခုလက်မှစောင့်ကာ ဆက်တိုက်တိုက်ခိုက်နေ၍စစ်ကောင်စီအထိနာနေသည်။
ဧပြီ ၉ရက် နံနက်ကလည်း မြိုင်မြို့နယ်သီးပင်ကိုင်းကျေးရွာသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်အား မြိုင်အခြေစိုက် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်တပ်ပေါင်းစုများ တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင်အများအပြား သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန် သည်။


















































