မူဆယ်နှင့် နမ့်ခမ်းရှိ စစ်ကောင်စီခန့်ရပ်ကျေး အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်ကောင်စီညွန်ကြားချက်ကို လိုက်နာပြီး စစ်ကောင်စီနှင့် ပူးပေါင်းပါက အရေးယူသွားမည်ဟုမူဆယ် ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်က သတိပေးလိုက်သည်။
မူဆယ်နှင့် နမ့်ခမ်းမြို့ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှုးများအနေဖြင့် စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ လုံခြုံရေးကိစ္စဆောင်ရွက်ရန် စစ်ကောင်စီတပ်ကဧပြီ ၁၈ ရက်စွဲဖြင့်ညွန်ကြားထားခြင်းဖြစ်သည်။စစ်ကောင်စီ ဗိုလ်မှုးကျော်တင့်ဆိုသူက လက်မှတ်ထိုးကာ မူဆယ်နှင့်နမ့်ခမ်းတွင် လုံခြုံရေးဆောင်ရွက်ရန်ဟုဆိုကာ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှုးများပူးပေါင်းဆောင်ရွက်ကြရန်ထုတ်ပြန်ခဲ့သည်။

အဆိုပါစစ်ကောင်စီအမိန့်ကို နာခံပါက အရေးယူမည်ဟုမူဆယ်မြို့အခြေစိုက် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်-People Security And Defence Army (PSDA)ကဧပြီ ၁၉ရက်ကတုံ့ပြန်ထုတ်ပြန်ထားခြင်းဖြစ်သည်။
“ စစ်ကောင်စီဆန့်ကျင်ရေးကို ပြည်သူနဲ့အတူလက်တွဲလုပ်နေတဲ့ကာလဖြစ်တယ်။ တော်လှန်ရေးအောင်မြင်ဖို့အရေးကြီးတယ်။ဘယ်သူမဆို စစ်ကောင်စီနဲ့ ပူးပေါင်းတာနဲ့ ကျွန်တော်တို့ အရေးယူဆောင်ရွက်သွားမယ်” ဟု People Security And Defence Army မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement
People Security And Defence Army သည် မူဆယ်ဒေသတွင် စစ်ကောင်ဆီအား ခုခံတိုက်ခိုက်နေသောအဖွဲ့ဖြစ်သည်။ဧပြီ ၁၇ရက်က မြို့မရဲစခန်းကို အဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို သကြ်န်ကာလအတွင်းကလည်း စစ်ကောင်စီမဏ္ဍပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် မတ်လအတွင်းကလည်း စစ်ကောင်စီသတင်းပေးတစ်ဦးကို သုတ်သင်ရှင်လင်းခဲ့သည်။

















































