Connect with us

Hi, what are you looking for?

LuduNwayOo

News

မူးယစ်အမှုနှင့်ပတ်သပ်၍စစ်​ကောင်စီတပ်နှင့် ရဲများကြားပြသာနာတက်ပြီး ရဲအရာရှိငါးဦးကိုဖမ်းဆီး

စစ်ကောင်စီခေါင်းဆောင်ပိုင်းသည် ၄င်းတို့အနေဖြင့် မူးယစ်ဆေးဝါးကို နှိမ့်နင်းနေကြောင်း စစ်ကောင်စီထိန်းချုပ်မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်နေသော်လည်း မူးယစ်ဆေးဝါးဖြန့်ဖြူးသယ်ဆောင်ရာ၌ စစ်​ကောင်စီတပ်အရာရှိများ ပါဝင်ပတ်သက်နေသည်ကို မကြားခဏတွေ့ရသည်။

People's Spring
People's Spring

●အတူကျူးလွန်ထား​သောမူးယစ်မှုကို ဖုံးကွယ်ရန်စစ်​တပ်ကရဲကိုဦး​အောင်ဖမ်းဆီးခြင်းဖြစ်ဟု​ဒေသခံများသုံးသပ်

ရှမ်းပြည်နယ်မြောက်ပိုင်းလမ်းကြောင်းကို ဖြတ်သွားသည့်ပမာဏများသောမူးယစ်ဆေးဝါးမှုတစ်ခုတွင် စစ်ကောင်စီ
နှင့်ရဲတပ်ဖွဲ့ကြား ပြဿနာတက်နေပြီး မူးယစ်အထူးတပ်ဖွဲ့မှ ဒုတိယရဲမှုးကြီးတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းကို စစ်ကောင်စီကဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

ပြင်ဦးလွင်နှင့်နောင်ချိုလမ်းကြောင်းကို ​​ဖြတ်၍သယ်ဆောင်သွားသည့် မူးယစ်ဆေးဝါးမှုတစ်ခုနှင့် ဆက်စပ်ပြီး မူးယစ်အထူးတပ်ဖွဲ့မှ ဒုတိယရဲမှုးကြီး ယဥ်ထွန်းသန်းနှင့်ရဲမှူးရန်နိုင်လတ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းကို ဧပြီ ၂၁ရက်က ဖမ်းဆီးလိုက်ခြင်းဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းပေး ရဲအရာရှိတစ်ဦးက People’s Springသို့ ပြောသည်။

“ပြင်ဦးလွင် မူးယစ်အထူးတပ်ဖွဲ့က ရဲမှူးရန်နိုင်လတ်ရော ဒုတိယရဲမှုးကြီး ယဥ်ထွန်းသန်းရော ခေါ်စစ်နေတယ်” ဟု အထက်ပါရဲအရာရှိကပြောသည်။

People’s Springက ရရှိသည့် သတင်းအရ ရှမ်းပြည်နယ်မြောက်ပိုင်းပြည်ထောင်စုလမ်းမပေါ်ရှိ နောင်ချိုမြို့ မူးယစ်စစ်ဆေးရေးဂိတ်ကို ​​ဖြတ်သန်းသယ်ဆောင်သွားသည့် မူးယစ်ဆေးဝါးမှုတစ်ခုနှင့် ဆက်စပ်ပြီး စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ ကြားတင်းမာမှုဖြစ်ကာ ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးသွားခြင်းဟု သိရသည်။

Public Service Announcement

Public Service Announcement

“နောင်ချိုမူးယစ်အထူးတပ်ဖွဲ့က ငါးယောက်လောက်ကို ဖမ်းသွားတယ်။ နယ်ထိန်းတစ်ယောက်လည်း ထပ်ဖမ်းတယ်။ ဒီဂိတ်ကဝေစားမျှစားဂိတ်ပဲ။ ဘာတွေ ဖြစ်နေလဲတော့ ကျွန်တော်တို့ မသိနိုင်ဘူး” ဟု နောင်ချိုဒေသခံတစ်ဦးကပြောသည်။

နောင်ချိုမြို့ မူးယစ်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် ဌာနစုံက စစ်ဆေးခြင်းဖြစ်သည်။ ယခု ရဲတပ်ဖွဲ့ဝင်များကိုသာ ဖမ်းဆီးခံရခြင်းသည် မူးယစ်ကုန်သည်နှင့်ပေါင်းကာ အတူတူကျူးလွန်သည့် မူးယစ်ဆေးဝါးမှုကို ဖုံးကွယ်ရန် စစ်ကောင်စီက လက်ဦးမှုရယူဖမ်းဆီးခြင်းဟု ဒေသခံများက သုံးသပ်သည်။

စစ်ကောင်စီခေါင်းဆောင်ပိုင်းသည် ၄င်းတို့အနေဖြင့် မူးယစ်ဆေးဝါးကို နှိမ့်နင်းနေကြောင်း စစ်ကောင်စီထိန်းချုပ်မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်နေသော်လည်း မူးယစ်ဆေးဝါး ဖြန့်ဖြူးသယ်ဆောင်ရာ၌ စစ်​ကောင်စီတပ်အရာရှိများ ပါဝင်ပတ်သက်နေသည်ကို မကြားခဏတွေ့ရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလက ဖြစ်စဥ်တစ်ခုတွင်စစ်ကောင်စီမှ ဗိုလ်မှုးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးက ရှမ်းပြည်နယ်ဘက်မှ မူးယစ်ကုန်သည်တစ်ဦးထံမှ စိတ်ကြွဆေးပြားဆယ်သိန်းနီးပါးကို နေပြည်တော်သို့ပို့ဆောင်ပေးရန် ကြိုးစားစဥ် လမ်းခုလတ်၌ မူးယစ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ပင်လောင်း-နေပြည်တော်သွားကားလမ်း လိန်းလီကြိုးတံတားထိပ်တွင် ဖမ်းမိခြင်းဖြစ်သည်။အထက်ပါ ဖြစ်ရပ်မတိုင်မီ ဗထူးတပ်မှ စစ်ကောင်စီဗိုလ်ကြီးနှစ်ဦးကို သီပေါတွင် စိတ်ကြွဆေးပြားများ သေတ္တာနှစ်လုံးအပြည့်ဖြင့် ဖမ်းမိခဲ့သေးသည်။

ထိုအပြင်​ရှေ့တန်းမှစစ်​ကောင်စီတပ်သားများတွင်လည်းစိတ်မူးယစ်​ဆေးဝါးသုံးစွဲမှုကိုလည်းမကြာခဏ​တွေ့ရ​ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၊PDF များက​ပြောသည်။စစ်​ကောင်စီတပ်သားများထံသိမ်းဆီးရမိ​သောပစ္စည်းများတွင်မူးယစ်​ဆေးဝါး သုံးစွဲရာတွင်အသုံးပြု​သောပစ္စည်းများကို မကြာခဏ​တွေ့ရသည်ဟု ​ဒေသအစုံမှ PDFများက​ပြောသည်။

စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ ယခုပြဿနာတက်နေသည့် နောင်ချိုမူးယစ်စစ်ဆေးရေးဂိတ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ၂၀၁၉ ခုနှစ်က လာရောက်တိုက်ခိုက်ခဲ့ဖူးသည်။