▪️ဒေသခံပြည်သူနှစ်ဦးကိုလည်း သတ်ဖြတ်သွား
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပုလဲမြို့နယ်ရှိ မင်းမအနောက်ကျေးရွာ အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၂၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်သူနှစ်ဦးကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။
ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် မင်းမအနောက်ကျေးရွာ အရပ်အခေါ် သီတင်းကျေးရွာကို ပြီးခဲ့သည့် ဧပြီ ၁၈ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၁၂၀ခန့် ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူ့နေအိမ် (၁၂၀)ပျက်စီးဆုံးရှုံးခဲ့ပြီး ကျေးရွာသားတစ်ဦးကိုလည်း အရေခွံခွာသတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ (ဧပြီ ၂၂ ရက်) နံနက် ၁၀နာရီခန့်ကလည်း ယင်းမာပင်မြို့နယ် မင်းမကုန်းကျေးရွာအရောက်တွင် အပြစ်မဲ့ပြည်သူတစ်ဦးအား အကြောင်းမဲ့ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားကြောင်းဒေသခံများက ပြောသည်။

Public Service Announcement
အကြမ်းဖက်စစ်တပ်သည် လက်ရှိအချိန်၌ ကြိုးကြာဝင်းရွာ ဘုန်းကြီးကျောင်းတိုက်အတွင်း ယာယီစခန်းချနေထိုင်နေကြောင်း၊ ရွာသူရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ယင်းမာပင်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ခုခံတိုက်ခိုက်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်များကလည်း ကျေးရွာနေပြည်သူများအား အကြမ်းဖက်ဖိနှိပ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။
