မကွေးနှင့် တနင်္သာရီတိုင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲတပ်သားတစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ CDM ဝင်ရောက်လာကြောင်း သက်ဆိုင်ရာ ဒေသခံတပ်ဖွဲ့များက ယနေ့(ဧပြီ ၃၀ ရက်)တွင် ထုတ်ပြန်သည်။
မကွေးတိုင်း ကျောက်ထုရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် ဧပြီ ၂၈ ရက် ညနေ ၃ နာရီခွဲခန့်တွင်(KTU-PDF) မှ ချိတ်ဆက်ပြီး CDM ဝင်ရောက်လာသဖြင့် လွတ် မြောက်နယ်မြေသို့ အထိအခိုက်မရှိ ပို့ဆောင်ပေးခဲ့ကာလက်နက်ပါမလာသည့်တိုင် ကျောက်ထု PDF မှကူညီကယ်ထုတ်ပေးခဲ့ကြောင်း ကျောက်ထုပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ က ဆိုသည်။
လက်နက်အပြည့်အစုံဖြင့် ထွက်ခွာလာပါက ဆုကြေးငွေ ကျပ်သိန်း ၈၀ကိုပါ ပေးအပ်ချီးမြှင့်မည်ဖြစ်ပါ၍ ထွက်ခွာလိုသူများအနေနဲ့ ကျောက်ထု PDF ထံဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အသိပေးသည်။
အလားတူ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံသို့ တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီ တပ်သားတစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ CDM ပြုလုပ်လာသည်။

Public Service Announcement
စစ်ကောင်စီတပ်မှ CDM ပြုလုပ်လာသူမှာ စကခ (၁၃)တပ်ရင်းမှ တပ်ကြပ်ကြီး/စာရေးအဆင့်ရှိ ကျော်ရဲထွဋ် ကိုယ်ပိုင်အမှတ်(တ/၄၈၄၄၃၂) ဖြစ်သည်ဟု ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ CDM ပြုလုပ်လာသည့် တပ်ကြပ်ကြီး ကျော်ရဲထွဋ်သည် စစ်သားအချင်ချင်း အထက်အောက် အနိုင် ကျင့်ခြင်းနှင့် အပြစ်မဲ့ ပြည်သူများကို မတရားဖမ်းဆီး သတ်ဖြတ်ခြင်းတို့ကို မနှစ်မြိုသဖြင့် ပြည်သူ့ရင်ခွင်ကို ခိုလှုံရခြင်းဖြစ်ကြောင်း သိရသည်။


















































