Foodpanda Rider များ၏ အလုပ်မဆင်းသပိတ် ယနေ့ ရှစ်ရက်မြောက်နေ့တွင် Zero Customer Campaign ပြုလုပ်၍ သပိတ်အရှိန်ကိုမြှင့်တင်မည်ဟု အဆိုပါ Riderများက ကြေညာထားသည်။
Rider များသည် Foodpanda ကုမ္ပဏီကို တောင်းဆိုချက် အချက်(၈)ချက်ဖြင့် ဇွန်လ ၆ ရက်မှစတင်၍ အလုပ်မဆင်းသပိတ်ပြုလုပ်နေခြင်း ဖြစ်သည်။
သပိတ်(၇)ရက်မြောက်နေ့အထိ ကုမ္ပဏီဘက်မှ Riderများ၏ တောင်းဆိုချက်များကို လိုက် လျောပေးခြင်းမရှိသေးသောကြောင့် သပိတ်အရှိန်မြှင့်ရခြင်းဖြစ်ကြောင်း Boycott Foodpanda Myanmar ၏ဖေ့စ်ဘွတ်ခ်၌ အသိပေးထားသည်။
Rider များအနေဖြင့် ကုမ္ပဏီဘက်မှ လုပ်အားခနှုန်းထားများကို အဆမတန်လျော့ချခဲ့သောကြောင့် မတ်လ ၁၆ ရက်တွင် ပထမတစ်ကြိမ် အလုပ်မဆင်းသပိတ်ပြုလုပ်ခဲ့သည်။

Public Service Announcement
ထို့နောက်ကုမ္ပဏီဘက်က ညှိနှိုင်းမှုများပြုလုပ်၍ Rider များတောင်းဆိုသည့် အချက် (၇) ချက်အနက် ၅ ချက်ကို လိုက်လျောပေးမည်ဟု နှုတ်ကတိပေးခဲ့သော်လည်း လက်ရှိအချိန်အထိ အကောင်အထည်မဖော်သောကြောင့် အလုပ်မဆင်းသပိတ်ကို ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၆ ရက်တွင် ရန်ကုန်မြို့ရှိ Foodpanda Rider ၇,၀၀၀ ကျော်အနက် ၅,၀၀၀ကျော် အလုပ်မဆင်းသပိတ်၌ ပါဝင်ခဲ့ကြောင်း ယင်းသပိတ်ကို ဦးဆောင်သူတစ်ဦးဖြစ်သည့် ဗိုလ်မင်းဒင်ကပြောကြားထားသည်။
သပိတ်ပြုလုပ်သည့် ၇ရက်အတွင်း Rider များက Customer များကို သပိတ်ပြုလုပ်ရသည့် အချက်များကို မြေပြင်၌ ဆင်း၍ ပြောကြားခဲ့ပြီး Foodpanda ကုမ္ပဏီကို သပိတ်မှောက်လှုပ်ရှားမှုများပြုလုပ်ခဲ့သည်။
ထို့ပြင် Customerများနှင့် ဆိုင်များကိုလည်း Rider များဘက်မှရပ်တည်၍ ကုမ္ပဏီကို သပိတ်မှောက်ပေးရန် တောင်းဆိုထားသည်။
Foodpanda ကုမ္ပဏီဘက်မှ ၎င်းတို့၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ မတ်လအတွင်းက Rider များ၏ တောင်းဆိုချက်များနှင့်ပတ်သက်၍ ညှိနှိုင်းထားသည့် အချက်များပါဝင်သည့် ထုတ်ပြန်ချက်ကို ဇွန်လ၁၀ရက်တွင် တင်၍ပြန်လည်ရှင်းလင်းထားသည်။


















































