Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ထန်တလန်မြို့ကို စစ်ကော်စီက ပြန်လည်ထူထောင်ရေးလုပ်မည် ဆိုခြင်းကို ထန်တလန် CDFနှင့် ချင်းအတိုင်ပင်ခံကောင်စီ လက်မခံ

ပြည်သူလူထုများက စစ်အာဏာရှင်စနစ် အမြစ်ပြတ်တော်လှန်သည့် ကာလဖြစ်၍ ပြည်သူ့တော်လှန်ရေး အရှိန်နည်းပါးစေရန် လုပ်ဆောင်ချက် မှန်သမျှ ကန့်ကွက်ကြောင်း ထန်တလန် CDFက အသိပေးသည်။

(စစ်​ကောင်စီတပ်က ထန်တလန်းမြို့ကို မီးရှို့ဖျက်ဆီး​နေမှု။ ဓါတ်ပုံ-The Chindwin Post၊ CHRO)
(စစ်​ကောင်စီတပ်က ထန်တလန်းမြို့ကို မီးရှို့ဖျက်ဆီး​နေမှု။ ဓါတ်ပုံ-The Chindwin Post၊ CHRO)

●မြို့ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေး၌ အသွင်ကူးပြောင်း ရေးဆိုင်ရာ တရားမျှတမှု မဖြစ်မနေ ပါဝင်ရမည်

●စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ၃၅ကြိမ်ထက်မနည်းမီးရှို့ခဲ့ရာ အိမ်ခြေ ၁၃၀၀ ကျော်ပြာကျခဲ့

စစ်ကောင်စီက ထန်တလန်မြို့ ပြန်လည်ထူထောင်ရေး နှင့် ပြန်လည်တည်ဆောက်ရေး ညှိနှိုင်းဆွေးနွေးမှု နှင့်ပတ်သက်ပြီး ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက လက်မခံကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီ၏ လှည့်ကွက် သတိထားရန် နှိုးဆော်လိုက်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးမှုများ ၃၅ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ မြို့ပေါ်ရှိ ဘာသာရေး အဆောက်အဦ များစွာအပါအဝင် အိမ်ခြေ ၁၃၀၀ ကျော်မီးလောင်ပျက်စီးပြာကျခဲ့ရသည်။ သို့ရာတွင် စစ်ကောင်စီခန့် ချင်းပြည်နယ်အစိုးရအဖွဲ့ ဆိုသူတို့ဦးဆောင်၍ ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေး နှင့် ပြန်လည်တည်ဆောက်ရေး ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၃၀ရက်က ဟားခါး၌ ပြုလုပ်ခဲ့ခြင်းအပေါ် ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ပြည်သူများအား အသိပေးချက်ကို ယနေ့ ထုတ်ပြန်ခဲ့သည်။

(စစ်​ကောင်စီတပ်က ထန်တလန်းမြို့ကို မီးရှို့ဖျက်ဆီး​နေမှု။ ဓါတ်ပုံ-The Chindwin Post၊ CHRO)
(စစ်​ကောင်စီတပ်က ထန်တလန်းမြို့ကို မီးရှို့ဖျက်ဆီး​နေမှု။ ဓါတ်ပုံ-The Chindwin Post၊ CHRO)

ထန်တလန်မြို့ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ရခြင်းမှာ သဘာဝဘေးကြောင့် မဟုတ်ဘဲ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက ရက်စက်စွာမီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီး၊ မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခြင်း တို့ကြောင့်ဖြစ်ကြောင်း၊ ဇွန်လ (၂၃) ရက်နေ့အထိ ထန်တလန်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းများ၊ ဘာသာရေးအဆောက်အဦများ အပါအဝင် ပြည်သူပိုင်အဆောက်အဦများ၊ ပုဂ္ဂလိကနေအိမ်များ (၁၃၀၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း ဖော်ပြသည်။

ထန်တလန်မြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆောင်ရွက်ရာတွင် အသွင်ကူး ပြောင်း ရေးဆိုင်ရာ တရားမျှတမှု (transitional justice) ဆိုင်ရာလုပ်ငန်းစဉ် မဖြစ်မနေ ပါဝင်ရ မည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် စစ်ကောင်စီက ၎င်းတို့အား ဆန့်ကျင်ခုခံနေသည့် ပြည်သူ များကို သာလွန်အင်အားများဖြင့် တိုက်ခိုက်နေချိန်တွင် မည်သို့မျှ မဖြစ်နိုင်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်သည် ထန်တလန်မြို့ပေါ်တွင်ကျူးကျော်ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား အချိန်မရွေးတိုက်ခိုက်မှု ဖြစ်ပွားနိုင်သည့် အခြေအနေ ဖြစ်၍ ပြည်သူများအနေဖြင့် ထန်တလန်မြို့ပေါ်သို့ပြန်လည်ဝင်ရောက်ခြင်း၊ အခြေချရန်လုပ်ဆောင်ခြင်း များအတွက် ကျိုးကြောင်းဆီလျော်သည့်လုံခြုံမှု မရှိနိုင်သေးသည်ကိုသတိရှိကြစေလိုကြောင်း အသိပေးထားသည်။

ထို့အပြင် ထန်တလန်မြို့နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်သည် သက်ဆိုင်ရာဒေသခံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် ပြည်တွင်း၊ ပြည်ပရှိ ထန်တလန်မြို့နယ်သူ၊ မြို့နယ်သားများအားလုံးပါဝင်လျှက် ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ထုတ်ပြန်သည်။

ထို့ကြောင့် စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးနှင့် နိုင်ငံရေး တန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ပြည့်ဝသည့်ချင်းပြည်နယ်အဖြစ် ထူထောင်ရန်တိုက်ပွဲ ဝင်ကြိုးပမ်းနေချိန်တွင် ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ဟူသော ခေါင်းဆောင်ဖြင့် ပြုလုပ်လာသော လှည့်ကွက်ကို အထူး သတိပြု ကြရန် နှိုးဆော်ထားသည်။

(စစ်​ကောင်စီတပ်က ထန်တလန်းမြို့ကို မီးရှို့ဖျက်ဆီး​နေမှု။ ဓါတ်ပုံ-The Chindwin Post၊ CHRO)
(စစ်​ကောင်စီတပ်က ထန်တလန်းမြို့ကို မီးရှို့ဖျက်ဆီး​နေမှု။ ဓါတ်ပုံ-The Chindwin Post၊ CHRO)

ထန်တလန် ချင်းဒေသ ကာကွယ်ရေးတပ်(CDF) ကလည်း စစ်ကောင်စီ အကြမ်းဖက် အဖွဲ့ ဦးဆောင်မှုဖြင့် ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှု ဟူသမျှ လုံး၀ အသိအမှတ်မပြု ကန့်ကွက်ကြောင်းဇူလိုင် ၂ရက်က ထုတ်ပြန်သည်။

ပြည်သူလူထုများက စစ်အာဏာရှင်စနစ် အမြစ်ပြတ်တော်လှန်သည့် ကာလဖြစ်၍ ပြည်သူ့တော်လှန်ရေး အရှိန်နည်းပါးစေရန် လုပ်ဆောင်ချက် မှန်သမျှ ကန့်ကွက်ကြောင်း ထန်တလန် CDFက အသိပေးသည်။

ထန်တလန်မြို့ပေါ် အခြေချ စစ်ကောင်စီတပ်သားများအမြစ်ပြတ် ရှင်းလင်း ခြင်း ပြီးစီးမှု မပြုခင် သို့မဟုတ် လုံခြုံစိတ်ချရသည့် အခြေအနေ ရောက်သည်ဟု ကြေညာချက်မထုတ်ပြန်ခင် အချိန်ကာလအတွင်း ထန်တလန်မြို့ ပြန်လည်ဝင်ရောက်နေထိုင်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းဆောင်ရွက်မည် မဟုတ်ကြောင်း ထန်တလန် CDFက အတိအလင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။