●ကသာနှင့်ယင်းမာပင် အပါအ၀င်ကျန်ခရိုင်များမှာ ယင်းအဆင့်ကိုကျော်လွန်ကာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ကောင်းစွာလည်ပတ်နေပြီဟုပြော
စစ်ကိုင်းတိုင်းရှိ မုံရွာ၊ ခန္တီး၊ တမူး နှင့် မော်လိုက် ခရိုင်များမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအားလုံး ချက်ချင်း နှုတ်ထွက်ရန် NUG ၏ ညွှန်ကြားချက်ကို ယမန်နေ့ ဇူလိုင် ၁၀ရက်တွင် သက်ဆိုင်ရာခရိုင်များကကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယခု အခါ စစ်ကိုင်းတိုင်း ဒေသကြီးတွင် အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ဖယ်ရှားလျက် ပြည်သူ့ အုပ်ချုပ်ရေးအာဏာကို ထူထောင်နေပြီဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်းအတွင်း ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် နှင့် ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်လျက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို စတင်လည်ပတ်လျက်ရှိကြောင်း ဖော်ပြထားသည်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တရားမဝင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေး တာဝန်ယူနေသူအားလုံး ဇူလိုင် ၁၀ရက်မှစ၍ ၁၀ရက်အတွင်း မိမိရာထူးတာဝန်မှ စွန့်ခွာကြရန် ၊ မိမိတာဝန်ကျရာ နယ်မြေမှ စွန့်ခွာကြရန် ညွှန်ကြားလိုက်ကြောင်း ကြေညာခဲ့သည်။ ခရိုင် အချို့ကမူ ချက်ချင်း နှုတ်ထွက်ရန် ကြေညာသည်။
ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက အကြမ်းဖက် ယန္တရားတွင် ကိုယ်တိုင် ကာယကံမြောက် ပါဝင်ကာ ပြည်သူ့အသက် အိုးအိမ် စည်းစိမ်ကို နှောက်ယှက်ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ အပါအဝင် တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

Public Service Announcement
စစ်ကိုင်းတိုင်းတွင်ခရိုင် ၉ခု ရှိပြီး ကသာခရိုင် ၇မြို့နယ်၊ ခန္တီးခရိုင် ၂မြို့နယ်၊ စစ်ကိုင်းခရိုင် ၃မြို့နယ်၊ မုံရွာ ခရိုင် ၄မြို့နယ်၊ ကလေးခရိုင် ၃မြို့နယ်၊ ရွှေဘိုခရိုင် ၉မြို့နယ်၊ မော်လိုက်ခရိုင် ၂မြို့နယ်၊ တမူးခရိုင် ၁ မြို့နယ်၊ ယင်းမာပင်ခရိုင်၊ ၄မြို့နယ် စသည်တို့ဖြင့် စုဖွဲ့ထားသည်။
“ ယင်းမာပင်ခရိုင်က ကြေညာထားတာရှိသလားဆိုရင် ယင်းမာပင်၊ ပုလဲ၊ ကနီ ၊ ဆာလင်းကြီး ပေါ့နော် ကျွန်တော်တို့ ယင်းမာပင်ခရိုင်က ပြောရမယ်ဆိုရင် အမှန်တကယ်က အဲဒီဟာရဲ့ ဟိုဘက်ကို လွန်ခဲ့တဲ့သဘော ကိုရောက်သွားပြီ။ ဆိုပါစို့ ပအဖ ဖွဲ့စည်းရေးအတွက် အလုပ်လုပ်တာက ကျွန်တော်တို့ယင်းမာပင် ခရိုင်ကလမ်းပိုင်းတွေတောင် ၉၀ ရာခိုင်းနှုန်းဆိုတာကို ပြောထားတာကိုး။ နောက်တစ်ချက်က ကျွန်တော်တို့က NUG ညွှန်ကြားချက်နဲ့ကျောင်းတွေတောင်ဖွင့်ပြီးစာသင်ကြားခြင်း အတန်းတင်စာမေးပွဲ ဖြေဆိုခြင်းဆိုတာတွေတောင် ယင်းမာပင်မြို့နယ်က လှုပ်ရှားနေပြီ လုပ်ကိုင်ဆောင်ရွက်နေပြီ” ဟု ယင်းမာပင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူးများဖယ်ရှားရန်ကြေညာသည့် ခရိုင် စာရင်းများ၌ ယင်းမာပင်ခရိုင် မပါဝင်သော်လည်း လက်ရှိနယ်မြေ အတော်များများကို PDFနှင့် ဒေသကာကွယ်ရေးအဖွဲ့များက စိုးမိုးထားနိုင်သည်ဟု ၎င်းကဆက်ပြောသည်။
“စစ်ကိုင်းတိုင်းမှာက ရုံးစိုက် ဂတ်စိုက် နေရာမျိုးတွေ ဥပမာ ဘယ်လောက်အနေအထားမျိုးထိရှိသလဲဆိုမြို့ ပတ်ဝန်းကျင် ၅မိုင် ပတ်ဝန်းကျင်လောက်ပဲ ကျွန်တော်တို့ နယ်မြေခံ လှုပ်ရှားမှုအဖွဲ့တွေက သတိနဲ့ သွားလာ လှုပ်ရှား ရတဲ့ အနေအထားမျိုးလောက်ရှိတယ်။ သူတို့ ကြီးစိုးတဲ့အနေအထားက မြို့ပေါ်တည့်တည့်လို့ပဲ ပြော လို့ရတယ်။ ဒေသကြီးလိုက်ချီပြီး သူတို့ကြီးစိုးလို့မရတော့ဘူး” ဟု အဆိုပါ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထီးချိုင့်မြို့နယ် အုပ်ချုပ်ရေးမှ တာဝန်ရှိသူတစ်ဦးကလည်း “ လက်ရှိထီးချိုင့်ကတော့ တစ်မြို့နယ်လုံးမှာ ထိန်းချုပ်ပြီလို့ပြောလို့ရတယ်။ ထီးချိုင့်ရယ်၊ မောင်းကုန်းရယ်၊ မြတောင်ရယ် ဒီသုံးရွာပဲကျန်တော့တယ်။ ကျန်တာအားလုံးက NUG အစိုးရ လက်အောက်မှာ ပြောလို့ရတယ်။ သူတို့ အမြဲတမ်း ထိန်းချုပ်နိုင်တာက မန္တလေးဘက်က အဝင် မောင်းကုန်း၊ မြတောင်၊ ထီးချိုင့် ဒါပဲ” ဟု ပြောသည်။
ကျန်နေရာများတွင် စစ်ကောင်စီ အုပ်ချုပ်ရေး လုံး၀မသက်ရောက်ကြောင်း အဆိုပါ တာဝန်ရှိသူကပြောသည်။
“အခု လက်ရှိ NUG မြို့နယ်အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်နေပြီ။ အခွန်ကောက်တာရော ကျောင်းဖွင့်တာရော လည်ပတ်နေပြီ” ဟု ၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်းရှိ နေရာအများစု၌ NUG အစိုးရ လက်အောက်ခံ အဖွဲ့များက စိုးမိုးထားနိုင်ကြောင်း၊ စစ်ကောင်စီတပ် စစ်ကြောင်းများ ဝင်လာပါက လက်နက်အင်အား ကွာခြားမှုကြောင့် ဖယ်ပေးရသည့် နေရာများရှိသော်လည်း အများစုမှာ စိုးမိုးထားနိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။
ယင်းမာပင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “စကစ ကြီးစိုးတာနဲ့ ကျွန်တော်တို့ PDF တွေ ၊ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ကြီးစိုးတယ်ဆိုတဲ့ အပိုင်းကို ခွဲခြားစိတ်ဖြာမယ်ဆိုရင် စစ်ကိုင်းတိုင်းမှာ တကယ်တန်း သူတို့ကြီးစိုးနိုင်တာက သူတို့ရုံးစိုက်ရာ နေရာတွေလောက်ပဲ ကြီးစိုးနိုင်တယ်။ ကျန်တဲ့ဟာက သူတို့ မသွားနိုင် မလာနိုင်ဘူးဆိုတဲ့ အနေအထား တော့ မဟုတ်ဘူး သူတို့မှာက လက်နက်အင်အား ကြီးမားတယ်လေ။ ဆိုတော့ သူတို့ မသွားနိုင်တဲ့အရာ မရှိဘူး ဒါပေမဲ့ သူတို့သွားတယ်သူတို့လာတယ်ဆိုရင်တိုက်ရတဲ့နေရာ တိုက်လိုက်တယ်။ ဖောက်ခွဲ ရတဲ့နေရာ ဖောက်ခွဲလိုက်တယ်။သူတို့ဖြတ်သွားပြီးရင် ကျန်တဲ့နေရာက ကျွန်တော်တို့က ဒီအတိုင်းပဲ ။ သူတို့ကြီးစိုးနိုင်တဲ့နေရာက ရုံးစိုက်၊ဂတ်စိုက်နေရာ မြို့ပေါ် အနေအထား လောက်ပဲ သူတို့ကြီးစိုးနိုင်တယ်” ဟု ပြောသည်။


















































