စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိခဲ့သည်ဟု Kawlin Revolutionက ဖော်ပြသည်။
ဇူလိုင် ၁၂ရက်မှစ၍ ကောလင်းမြို့နယ် သရက်ခုံရွာသို့ ဒုတိယအကြိမ် စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်များသည် ဇူလိုင် ၁၃ရက်တွင် သရက်ခုံရွာ အရှေ့ဘက်လှည်းပွဲရွာသို့ ထွက်ခွာလာရာ ကောလင်း PDF တပ်ရင်း(၁)၊ ကောလင်းမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် Secret Warrior(UG) တို့ ပူးပေါင်းအဖွဲ့က လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထား သည်။

အင်အား ၅၀ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊စစ်ကောင်စီတပ်သည် နှောခုံရွာကို မီးရှို့ခဲ့ပြီးနောက် ကောလင်းမြို့သို့ အပြန်တွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံကို ကိုးကား၍ Kawlin Revolution က ဖော်ပြထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး ၁၀ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ခန့်ရှိနိုင်ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ သုံးဦးကျဆုံးပြီး လေးဦးဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement
စစ်ကောင်စီတပ်က တိုက်ပွဲ၌သေဆုံးခဲ့သည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်ရုပ်အလောင်းများကို မြှုပ်နှံခဲ့ရာ ယနေ့(ဇူလိုင် ၁၄ရက်)၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း သုံးလောင်းတွေ့ရှိကြောင်း ဖော်ပြထားသည်။


















































