Connect with us

Hi, what are you looking for?

သတင်း

စစ်ကား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီယာဉ်တန်း ချင်းပြည်နယ်ဘက်သို့ ဦးတည်ထွက်ခွာလာဟု မင်းတပ် CDFအသိပေး

မင်းတပ် CDF အနေဖြင့် စစ်ကောင်စီယာဉ်တန်း မင်းတပ် – မတူပီ လမ်းအတိုင်း မတူပီသို့ သွားပါက ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားရန် ပြင်ဆင်ထားသည်ဟု အသိပေးသည်။

(ချင်းပြည်နယ်သို့ ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်းကို ပြီးခဲ့သည့် မေလပိုင်းက တွေ့ရစဥ်၊ ဓာတ်ပုံ - Hkl-Mindat)
(ချင်းပြည်နယ်သို့ ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်းကို ပြီးခဲ့သည့် မေလပိုင်းက တွေ့ရစဥ်၊ ဓာတ်ပုံ - Hkl-Mindat)

အာဏာသိမ်းစစ်ကောင်စီ၏ယာဉ် အစီးရေ ၁၀၀ကျော်သည် မကွေးတိုင်း ပခုက္ကူ မြို့နယ်မှ ချင်းပြည်နယ်ဘက်သို့ ဦးတည်ပြီးထွက်ခွာလာကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က အသိပေးသည်။

ပခုက္ကူမှ စစ်ကောင်စီယာဉ်တန်းသည် ပထမအသုတ်အနေဖြင့် အစီးရေ ၃၀ ကျော် ထွက်လာပြီ ဖြစ်ကြောင်း နှင့် အင်အားရှေ့နောက် ကားအစီးရေ ၁၀၀ကျော်ဖြင့် တက်လာကြောင်း ဖော်ပြ ထားသည်။

ကားများကို မိုးကာ အလုံပိတ်ထား၍ မည်သည့် ပစ္စည်းများတင်ဆောင်လာ ကြောင်းကို မသိရဟု မင်းတပ် CDFက ထုတ်ပြန်သည်။

“ လောလောဆယ် ၁၀၀ ကျော်တယ်လို့တော့ ယူဆရတယ်။ နောက်ပြီးရင် ပုံတောင်ပုံညာ ဘက်တွေမှာလည်း သူတို့ ဖြန့်ထားတာရှိတယ်။ ဒီလောက်ယာဉ်တန်းနဲ့ဆိုရင်တော့ မတူပီ ဘက်ကို သွားမယ်လို့ တော့ သုံးသပ်ရတာပေါ့”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

Public Service Announcement

အကယ်၍ မတူပီသို့ စစ်ကောင်စီယာဉ်တန်း သွားရောက်ပါက ယခု တစ်ကြိမ်သည် ၄ကြိမ်မြောက် ယာဉ်တန်းဖြင့် မတူပီသို့ သွားရောက်ခြင်း ဖြစ်ကြောင်း၊ ယခင် သုံးကြိမ်စလုံးတွင် စစ်ကောင်စီယာဉ် တန်းကို မင်းတပ် CDFက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ထိခိုက်မှုများခဲ့ကြောင်း ဆလိုင်းဟာအွမ်က ပြောသည်။

“ မတူပီက ချင်းပြည်နယ်မှာ အလယ်ကျတယ်။ နောက်ပြီးရင်းတောင်ပိုင်းနဲ့ မြောက်ပိုင်း အချိတ်အဆက် ကြားထဲမှာ သူက ဗျူဟာလည်း ထိုင်ထားတယ်ဆိုတော့ ဒီဗျူဟာရဲ့ စားနပ်ရိက္ခာ၊ လစာ၊ လက်နက်ခဲယမ်းတွေ ထောက်ပံ့မယ်လို့ပဲ သုံးသပ်ရတာပေါ့။အဓိကတော့ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းပေါ့”ဟု ၎င်းက ဆိုသည်။

မင်းတပ် CDF အနေဖြင့် စစ်ကောင်စီယာဉ်တန်း မင်းတပ် – မတူပီ လမ်းအတိုင်း မတူပီသို့ သွားပါက ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားရန် ပြင်ဆင်ထားသည်ဟု အသိပေးသည်။

ပခုက္ကူမြို့မှ ချင်းတောင်​ခြေသို့ လာရောက်ပါက ကံမ၊ ပေါက်နှင့် ကျောက်ထုမြို့များကို ဖြတ်ကျော်ရန်လိုအပ်သည်။ လမ်းတလျှောက် ပြည်သူများ သတိပြုနေထိုင်ကြရန် CDF-Mindatမှ တာဝန်ရှိသူတစ်ဦးက ​ပြောသည်။

ချင်းတောင်ဒေသသို့ စေလွှတ်ခံရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ CDM ပြုလုပ်မည်ဆိုပါက နွေးထွေးစွာကြိုဆိုနေမည်ဟု ကံမ၊ ပေါက်၊ ကျောက်ထုနှင့် မင်းတပ်မြို့မှ ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ပြောသည်။

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (၅၁၂)မှ တပ်သားတစ်ဦးသည် ဇူလိုင် ၁၀ရက်တွင် CDF မင်းတပ် ထံချိတ်ဆက်ကာ လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်လာခဲ့သည်။ ယင်းတပ် သားကို ကျပ်သိန်း၅၀ ချီးမြှင့်ခဲ့သည်ဟု CDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။