မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းအတုဖြင့် မျှားခေါ်ပြီး မိုင်းအစစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ သုံးဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း Yesagyo Revolution Group – YRG အဖွဲ့က ပြောသည်။
ယမန်နေ့ (သြဂုတ် ၁ရက်) နံနက် ၁၁ နာရီခွဲခန့်က ရေစကြိုမြို့နယ်၊ ကျောက်လှေခါးရွာအနီးရှိ Gold Power ဆီဆိုင်ရှေ့ လမ်းမပေါ်တွင် Yesagyo Revolution Group – YRG အဖွဲ့က မိုင်းအတု တစ်လုံးကို ထားခဲ့သည်။


ရှေ့ထွက်မိုင်းအစစ်အသေးစားတစ်လုံးကိုမူ ထိုဆီဆိုင်နှင့် ပခုက္ကူGTC (နည်းပညာ)ကျောင်း လမ်းကြားတစ်နေရာတွင် အရန်သင့်ထောင်ထားခဲ့ကြောင်း YRGက ပြောသည်။
ညနေ ၃နာရီခွဲခန့်တွင် GTC ကျောင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်များသည် မိုင်းအတုကို သေနတ်ဖြင့် အချက်ပေါင်း ၅၀ နီးပါး လာရောက်ပစ်ခတ်ခဲ့ကြသည်ဟု YRGက ပြောသည်။

Public Service Announcement
မိုင်းအတုမှန်းသိ၍ ပစ်ခတ်ပြီးအပြန် မိုင်းအစစ် နားအရောက်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း YRGက ပြောသည်။
အဆိုပါ ရှေ့ထွက်မိုင်းအသေးစားသည် ဖြတ်သွားဖြတ်လာ ပြည်သူများနှင့် လွန်စွာနီးကပ်သွားသောကြောင့် အနည်းငယ်လွဲဲပြီး ဖောက်ခွဲလိုက်ရ၍ အကြမ်းဖက်စစ်သားများ ပွဲချင်းပြီး မသေဆုံးခြင်းဖြစ်ကြောင်း YRGက ဆိုသည်။


ထိခိုက်သွားသည့် စစ်ကောင်စီတပ်သားများကို ပခန်းကြီးဆေးရုံသို့ပို့ဆောင်ကုသနေပြီး ထပ်မံစုံစမ်းနေသည်ဟု YRGက ပြောသည်။
အဆိုပါစစ်ဆင်ရေးအားYRGနှင့်အတူ Urban Underground Revolution Force -UURF / Shwe Nyar Myae – PDF နှင့် Zarmani Blood Guerilla Army – Myaing အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
လက်နက်ခဲယမ်းဖိုးများ နိုင်သရွေ့ပါဝင်ကူညီလှူဒါန်းပေးပါရန် Yesagyo Revolution Group – YRG အဖွဲ့က မေတ္တာရပ်ခံသည်။

















































