Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (စက်တင်ဘာ ၁၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ကုလမှာ ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ဘန်ကောက်ရှိ UN ရုံးရှေ့မှာ ထိုင်းရောက်မြန်မာလုပ်သားတွေ ဆန္ဒပြ

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေဟာ ကုလသမဂ္ဂအနေနဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ဘန်ကောက်မြို့ရှိ UN ရုံးရှေ့မှာ ဒီနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ထိုင်းရောက် မြန်မာလုပ်သား ၄၀ကျော်က စုဝေးတောင်းဆိုခဲ့တဲ့ အဲဒီဆန္ဒပြပွဲမှာ မြန်မာပြည်သူတွေရဲ့ အစိုးရဟာ NUG ဖြစ်တယ်၊ မြန်မာပြည်သူတွေရဲ့ သံအမတ်ဟာ ဦးကျော်မိုးထွန်းဖြစ်တယ်၊ မြန်မာစစ်တပ်ခန့်အပ်မယ့် သံအမတ်ကို မြန်မာပြည်သူတွေ အလိုမရှိဘူးဆိုတဲ့ စာသားတွေကိုင်ဆောင်ခဲ့ကြပါတယ်။

▪︎သတ်မှတ်နှုန်းနဲ့ မရောင်းချလို့ဆိုကာ ​ငွေလဲ​ကောင်တာအချို့ကို စစ်ကောင်စီ အ​ရေးယူ

​​ဒေါ်လာလဲနှုန်းကိုပြင်ပ​ဈေးထက်များစွာ​လျှော့ဖွင့်ထား​တဲ့ စစ်ကောင်စီရဲ့ ဗဟိုဘဏ် သတ်မှတ်ဈေးအတိုင်းမရောင်းချလို့ဆိုကာ ငွေလဲကောင်တာအချို့ကို လိုင်စင်ကိုသုံးလ ရပ်ဆိုင်း တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။ ပြင်ပပေါက်ဈေးမှာ တစ်ဒေါ်လာကို ကျပ် ၅၀၀၀ ခန့်အထိစံချိန်တင်မြင့်တက်လာပြီးနောက် ငွေလဲကောင်တာအချို့ကို အပြစ်ပုံချကာ စစ်ကောင်စီဗဟိုဘဏ်က အခုလို အရေးယူတာဖြစ်တယ်လို့ ​ငွေလဲ​ကောင်တာပိုင်ရှင်အချို့က​ ပြောပါတယ်။ စစ်​ကောင်စီ ဗဟိုဘဏ်က ၁ ​ဒေါ်လာလျှင် ၂၁၀၀ ကျပ်သတ်မှတ်ထားပြီး အဲဒီနှုန်းရဲ့ ၀ ဒဿမ ၃ ရာခိုင်နှုန်းသာအတိုးအ​လျှော့ ပြုလုပ်ပြီး (၂၀၉၄ ကျပ် မှ ၂၁၀၆ ကျပ်အတွင်းသာ)​ရောင်းချခွင့်ပြုထားပါတယ်။ အဲဒါကြောင့်​ ငွေလဲ​ကောင်တာတွေမှာ စစ်​ကောင်စီသတ်မှတ်​​​သောနှုန်းဖြင့် လာ​ရောင်းသူရှိလျှင်သာဝယ်ပြီး သတ်မှတ်​ပေးတဲ့နှုန်းနဲ့ပြန်​လည်ရောင်း​​​​ပေး​တဲ့ ငွေလဲ​ကောင်တာမရှိ​ဘူးလို့ သိရပါတယ်။

▪︎အဆုံးသတ်တိုက်ပွဲချိန်ရောက်ပြီဟု AA ဒုစစ်ဦးစီးချုပ် အသိပေး

ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုများ အရှိန်မြှင့်လာချိန်မှာ AA စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က အဆုံးသတ်တိုက်ပွဲချိန်ရောက်ပြီလို့ အသိပေး လိုက်ပါတယ်။ ရက္ခိုင်ပြည်တည်ဆောက်ရေးနဲ့ ရက္ခိတလမ်းစဉ် အကောင်အထည်ဖော်နေမှုတို့နဲ့ပတ်သက်ပြီး ဒေါက်တာညိုထွန်းအောင်က ရခိုင်ဘာသာနဲ့ ရေးသားထားတဲ့ ကဗျာကို စက်တင်ဘာ ၁၆ရက်က သူ့ရဲ့ Facebook မှာ ဖော်ပြခဲ့ပါတယ်။ နောက်ဆုံးအပိုဒ်မှာ အဆုံးသတ်နဲ့ အဆုံးအဖြတ် တိုက်ပွဲရောက်ရင်ပြောပါလို့ ပြောထားဖူးတဲ့ ညီ၊ ညီမငယ်တွေကို တိုးတိုးလေး ပြောလိုက်မယ် အခု အဲဒီအချိန်ရောက်ပြီ လို့အဓိပ္ပါယ်ရတဲ့ စာသားကို ရေးသားဖော်ပြခဲ့တာပါ။ အဲဒီဖော်ပြရေးသားမှုဟာ ရခိုင်ပြည်သူလူထုကို အသိပေးတာလို့ ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

▪︎စစ်တပ်ပစ်ခတ်မှုကြောင့် ဘဂ်လားဒေ့ရှ်ဘက်ရှိ ရိုဟင်ဂျာတစ်ဦးသေဆုံး

မြန်မာဖက်ခြမ်းက ပစ်ခတ်လိုက်တဲ့ မော်တာကျည်ဆန်က ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ ကျရောက် ပေါက်ကွဲခဲ့ပြီး ရိုဟင်ဂျာ လူငယ်တစ်ဦး သေဆုံးပြီး ​ခြောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ​မီဒီယာများနဲ့ AFP သတင်းဌာနက​ဖော်ပြပါတယ်။ မနေ့က ဖြစ်စဉ်မှာ မော်တာကျည်ဆန်ဟာ နယ်စပ်ကို ဖြတ်ကျော်လာပြီး ဘင်္ဂလားဒေ့ရှ်ဖက် အခြမ်းကို ကျရောက်ခဲ့တာလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။ မော်တာကျည် ထိမှန်တာကြောင့် အသက် ၁၈ နှစ်အရွယ် ရိုဟင်ဂျာ လူငယ်တစ်ဦး သေဆုံးပြီး နောက်ထပ် ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

▪︎ဒီပဲယင်းနယ်မှာစစ်တပ်ကလေကြောင်းပစ်ခတ်ပြီးရွာထဲဝင်ရောက်စီးနင်းလို့က​​လေးငယ်​တွေအပါအဝင်ပြည်သူတွေကိုသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာမှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုအပြင် ကျေးရွာအတွင်း ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ပြီး ဒေသခံပြည်သူငါးဦး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ မနေ့မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဟာ ဒီပဲယင်းအရှေ့ခြမ်းလက်ယက်ကုန်းကျေးရွာမှာ စာသင်နေသောကလေးငယ်များရှိရာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကျောင်းကို ရဟတ်ယာဉ်များသုံးကာ ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ပြီး ပညာသင်ကြားနေတဲ့ ကလေးငယ်အနည်းဆုံးလေးဦး သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဥ်အပြီး ကျေးရွာထဲကို ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ရာ အသက်(၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ငါးဦးကို ထပ်မံပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။

▪︎ကိုယ်ရေးအချက်အလက်မဖြည့်ထားတဲ့ မိုဘိုင်းငွေကြေးအကောင့်တွေကို စစ်ကောင်စီ ပိတ်ဖို့ကြံစည်

ကိုယ်ရေးအချက်အလက်တွေ မဖြည့်ထားတဲ့ မိုဘိုင်းငွေကြေးအကောင့်တွေကို ပိတ်သိမ်းမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ကြေညာလိုက်ပါတယ်။ နီးစပ်ရာ အေဂျင့်ဆိုင်တွေ ၊ ဘဏ်တွေထံသွားရောက်ပြီး သုံးစွဲနေတဲ့ မိုဘိုင်းငွေကြေးအကောင့်အတွက် ကိုယ်ရေးအချက်အလက်ဖြည့်ပြီး Level − 2 အဆင့် မြှင့်ဖို့ကိုလည်း စစ်ကောင်စီက သတိပေးထားတာတွေ့ရပါတယ်။ Level – 2 အဆင့်မြှင့်ရာမှာ သုံးစွဲသူရဲ့ အမည် ၊ မှတ်ပုံတင် ၊ ဖုန်းနံပါတ်၊နေရပ်လိပ်စာအပြင် သုံးစွဲသူရဲ့ မျက်နှာကိုလည်း ဓာတ်ပုံရိုက်ယူတာဖြစ်ပါတယ်။

▪︎တန့်ဆည်နယ်မှာ ရွာအပြင်ထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများဟုဆို

တန့်ဆည်မြို့နယ် အင်္ကုက္ကားမှ​ အောင်ချမ်းသာကျေးရွာဘက်ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းသုံးလုံးနဲ့ ဖောက်ခွဲခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ Guerrilla Warfare-K.P.K တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့ညပိုင်းက အင်္ကုက္ကားရွာမှ​ အောင်ချမ်းသာရွာဘက်ကိုထွက်လာတဲ့ စစ်အုပ်စုကို ဆွဲမိုင်းတစ်လုံး၊ တိုက်မိုင်းနှစ်လုံးနဲ့ စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကို Guerrilla Warfare-K.P.K ၊TSR ၊Taze Tiger၊ Nine Star၊ တပ်ရင်း (၈)၊ တပ်ရင်း(၆)၊ တပ်ရင်း (၁၀)၊ တပ်ရင်း(၁၆)၊ TCRLFPLA နဲ့ PLA တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

▪︎’ဒေါင်းအလံလွှင့်စစ်ဆင်ရေး’အဖြစ် သင်္ဃန်းကျွန်း မြို့နယ်တရားရုံးကို ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်းပေါ်ရှိ မြို့နယ်တရားရုံးကို “ဒေါင်းအလံလွှင့်” စစ်ဆင်ရေးအဖြစ် မနေ့ညပိုင်းက အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Gurdians UG က ထုတ်ပြန်ပါတယ်။ အဲဒီတရားရုံးကို Guardians UG တပ်ခွဲ ဖြစ်တဲ့ TGK Gurdians က ဖောက်ခွဲတိုက်ခိုက်ရာ လုံခြုံရေးဂိတ်အနီးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဝင်အချို့ ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။ အဝေးထိန်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အန္တရာယ်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

▪︎PDF အယောင်ဆောင် စစ်ဆေးနေတဲ့ ပျူအဖွဲ့ကို ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာအနီးမှာ ပြည်သူတွေကို PDFအယောင်ဆောင် စစ်ဆေးနေတဲ့ ပျူစောထီးအဖွဲ့ကို ပစ်ခတ်ခဲ့ရာ ထိခိုက်သေဆုံးမှုများတယ်လို့ People’s Defence Force – South Monywa အဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့မွန်းလွဲပိုင်းက တောပုရွာအနီး ဆယ်ပေါက်တွဲမှာ စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးတွေက လမ်းသွား၊လမ်းလာပြည်သူတွေကို PDFအယောင်ဆောင်ကာ အကြမ်းဖက်စစ်ဆေးခဲ့ပါတယ်။ အဲဒီပျူအုပ်စုဟာ ဆိုင်ကယ်၊ဖုန်းနဲ့ ငွေများသိမ်းယူခြင်း၊ စစ်သတင်းပေးလုပ်ရင် ဖမ်းဆီးချုပ်နှောင်ကွပ်မျက်မယ်လို့ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ အမျိုးသမီးတွေကို ရိသဲ့သဲ့လုပ်ခြင်းများ ပြုလုပ်နေတယ်လို့ ပြည်သူတွေက တိုင်ကြားလာတာကြောင့် သွားရောက်ပစ်ခတ်ခဲ့တာလို့ PDF- South Monywaက ဆိုပါတယ်။ အဲဒီပျူအုပ်စုကို(၄၀) မမ လေးလုံးနဲ့အတူ လက်နက်ငယ်တွေနဲ့ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူခုနစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

ရန်ကုန်မြို့မှာ “UN ငါတို့ရဲ့ဆန္ဒတွေကိုလက်ခံဖို့ တွေဝေမနေစမ်းနဲ့” လို့ အဓိပ္ပာယ်ရတဲ့ “UN , Do Not Hesitate To Accept Our Will” စာသားကို Yangon Revolution Force – YRF ( Soft Strike Community)က ဒရုန်းနဲ့ ရိုက်ကူးကာ ဒီနေ့ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (P-PDF)မှ ရဲဘော်တွေက ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ထောက်ခံ​ကြောင်း “Support U Kyaw Moe Tun Ambassador to the UN for Myanmar” စာသားကိုင်ဆောင်ပြီး တောင်းဆို ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ တော်လှန်လူငယ်များ ပူးပေါင်းပြီး ”ငါတို့အားလုံး စည်းလုံးနေရင် ဘာမှမဖြစ်” စာသားပါ ဗီနိုင်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

“အကြမ်းဖက် စစ်တပ် အမြစ်ဖြတ်ဖို့ ထိုးစစ် တိုက်စစ် အရှိန်အဟုန်မြှင့်ကြ” စာတန်းနဲ့ ဖားကန့်မြို့နယ်ရှိ ဒေသခံ တိုင်းရင်းသားပြည်သူတွေက ဒီနေ့မနက်ပိုင်းက ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် ဆန္ဒပြ ပြည်သူတွေဟာ “Accept NUG and Our Ambassador, Reject Dictator” စာသားကိုလည်း ကိုင်ဆောင် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီနေ့ (မတ်လ ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။