Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ – ဝေါ်လေလမ်းစစ်မြေပြင်က စစ်ကောင်စီ တပ်ကြပ်တစ်ဦး CDM ပြုလုပ်

CDM တပ်ကြပ်ကြီးမျိုးအောင်က စစ်ကောင်စီတပ်တွင်း အခြေအနေကိုပြောပြမည့် အင်တာဗျူးကိုလည်း မကြာမီထုတ်လွှင့်သွားမည်ဟု The Voice Of Spring က အသိပေးထားသည်။

ဓာတ်ပုံ - The Voice Of Spring
ဓာတ်ပုံ - The Voice Of Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြ၀တီ -ဝေါ်လေလမ်း ရှေ့တန်းစစ် မြေပြင်မှ စစ်ကောင်စီတပ်ကြပ်တစ်ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း The Voice Of Spring က ယနေ့ သတင်းဖော်ပြသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာ စစ်ကြောင်း နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် မြ၀တီ -ဝေါ်လေလမ်းပိုင်း၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ ခမရ (၁၀၄)တပ်ရင်းမှ တပ်ကြပ်မျိုးအောင်သည် စက်တင်ဘာ ၂၄ရက်တွင် ပြည်သူ့ရင်ခွင် ခိုလှုံလာခြင်းဖြစ်သည်ဟု ဆိုသည်။

တပ်ကြပ်မျိုးအောင်အနေဖြင့် အသက်လုပြီး CDM ပြုလုပ်လာခြင်းဖြစ်ပြီး ကျန်နေသည့် စစ်ကောင်စီတပ်သားများလည်း CDM လုပ်ချင် ကြကြောင်း ကာယကံရှင် တပ်ကြပ်မျိုးအောင်က ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

“လုပ်ချင်တဲ့ ဆန္ဒသူတို့မှာ ရှိပေမဲ့ အခွင့်အရေးမသာကြလို့ မလုပ်ကြသေးတာ”ဟု တပ်ကြပ်မျိုးအောင်က ပြောကြားခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များအနေဖြင့် စိတ်ဓာတ်ရေးရာအရကျဆင်းနေပြီး စစ်ရေးအရလည်း စစ်ကောင်စီတပ်များ အထိနာလျက်ရှိသည်။

CDM တပ်ကြပ်ကြီးမျိုးအောင်က စစ်ကောင်စီတပ်တွင်း အခြေအနေကိုပြောပြမည့် အင်တာဗျူးကိုလည်း မကြာမီထုတ်လွှင့်သွားမည်ဟု The Voice Of Spring က အသိပေးထားသည်။

မြ၀တီ – ဝေါ်လေလမ်း၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားထိခိုက် သေဆုံးခဲ့သည့်အပြင် စစ်ကောင်စီတပ်မှ ရုန်းထွက်ပြီး ပြည်သူ့ဘက်ရပ်တည်သည့် တပ်သား အရေအတွက်များ တိုးတက်များပြားလျက်ရှိသည်။