နိုင်ငံတကာအနေဖြင့် လက်ပိုက်ကြည့်မနေဘဲ မြန်မာလူထုကို ကာကွယ်ရန်အရေးယူမှုများ အမြန်ပြုလုပ် သင့်ဟု KNPP တောင်းဆို
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်ခဲ့၍ ပြည်သူလူထုများအပါအဝင် လူသေဆုံးထိခိုက်မှုများပြားခဲ့သည့် ဖြစ်ရပ်အပေါ် ဝမ်းနည်းကြောင်း ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့များ၊ တော်လှန်ရေးအင်အားစုများ၊ ပြည်သူလူထုများက ဝမ်းနည်းကြောင်း ထုတ်ပြန်ဖော်ပြကာ စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချခဲ့ကြသည်။
အနုပညာရှင်များနှင့် ပြည်သူများ စုဝေး၍ ဂီတပွဲပြုလုပ်နေချိန်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်လေယာဉ်များ အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်းသည် လူမဆန်သောလုပ်ရပ်ဖြစ်ပြီး၊ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းလည်းဖြစ်ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီ အနေဖြင့် တိုင်းရင်းသားပြည်သူလူထုများအား အမြစ်ပြတ်ချေမှုန်းရေး ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေ ခြင်းဖြစ်ပြီး၊ အလွန်ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသောလုပ်ရပ်ဖြစ်၍ ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြထားသည်။ အသက်သေဆုံးခဲ့ကြရသူများ၏ ကျန်ရစ်သူမိသားစုဝင်များအပါအဝင် ကချင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ထပ်တူရပ်တည်လျှက်ရှိပါကြောင်း ထုတ်ပြန်သည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကလည်း ယခု ဖြစ်ရပ်အပေါ် သဘောထား ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ၏ လူမဆန်သော အကြမ်းဖက်တိုက်ခိုက်မှုကို KNPP အနေဖြင့် ပြင်းပြင်း ထန်ထန် ရှုံ့ချကြောင်းဖော်ပြခဲ့သည်။
ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နေရာဒေသသည် စစ်ရေးလှုပ်ရှားမှုနှင့် စစ်ပွဲများ ဖြစ်ပွားနေသည့် နေရာဒေသ မဟုတ်သည့်အတွက် စစ်ကောင်စီ အနေဖြင့် တမင်သက်သက် အရပ်သားများကို ပစ်မှတ်ထားတိုက်ခတ်ခြင်း ဖြစ်သလို စစ်ရာဇဝတ်မှု(War Crime)အား ကျူးလွန်ခြင်း ဖြစ်ကြောင်း ထင်ရှားသည်ဟု ပါသည်ဖော်ပြထားသည်။
နိုင်ငံတကာအဖွဲ့အစည်းများ နှင့် နိုင်ငံတကာအစိုးရ များအနေဖြင့် လိုက်ပိုက်ကြည့်မနေသင့်တော့ဘဲ မြန်မာ ပြည်သူလူထုကို ကာကွယ်ရန်အလို့ငှာ ပိုမိုထိရောက်သည့် အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးပြုလုပ်သင့်ကြောင်း KNPPက တောင်းဆိုခဲ့သည်။
KNPP အနေဖြင့် ကချင်လူထုနှင့်အတူ ရပ်တည်ပြီး အာဏာရှင်စနစ်မှန်သမျှ အမြစ်တြပ် ချေမှုန်းရေး နှင့် တန်းတူရေး၊ ဒီမိုကရေစီ ရေးကို အပြည့်အ၀ အာမခံပေးမည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ် ပေါ်ထွန်းလာရေး အတွက် လွတ်လပ်မှုနှင့် တရားမျှတမှုကို လိုလားသော အင်အားစု အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကလည်း အဆိုပါ ဖြစ်ရပ်အပေါ် ဝမ်းနည်းကြောင်း ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။
ထိုသို့ ဖော်ပြရာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုများ သေဆုံးမှုအပေါ် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် ကချင်အလံတစ်ဝက်လွှင့်ထူထားသည့် ဓာတ်ပုံကို ဝန်ကြီး ဦးရည်မွန်က ဖော်ပြခဲ့သည်။
