Connect with us

Hi, what are you looking for?

သတင်း

အနန့်ပါဖြစ်စဉ်ဒဏ်ရာရသူများ ဆေးရုံ၊ဆေးခန်းသို့ ဆေးလာကုပါက ၁၇(၁)ဖြင့် အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်ထား၍ လျှို့ဝှက်ကုသနေကြရ

(အနန့်ပါ​ဒေသအား ​လေ​ကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခံရပြီး​နောက်အပျက်အစီးများ ။ ။ဓါတ်ပုံ-CJ)
(အနန့်ပါ​ဒေသအား ​လေ​ကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခံရပြီး​နောက်အပျက်အစီးများ ။ ။ဓါတ်ပုံ-CJ)

▪️ဒဏ်ရာပြင်းထန်သူများ ထပ်မံသေဆုံး၊ အလောင်းသယ်ခွင့်မပေး၊ အရိုးအိုးသယ်ခွင့်မရဟု​ဒေသခံများ​ပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့၍ သေဆုံးထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ရာ ဒဏ်ရာရသူများကို စစ်ကောင်စီတပ်က ကူညီကယ်ဆယ်ခွင့်ပြုသည့်အပြင် မတရားအသင်းဆက် သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် အရေးယူမည်ဟု စစ်ကောင်စီတပ်က ပြောဆိုကြောင်း ကချင်ဒေသခံက ပြောသည်။

အနန့်ပါဒေသ၌ အောက်တိုဘာ ၂၃ရက်ညက ပြုလုပ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနားအကြို ဂီတဖျော်ဖြေပွဲအား စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့၍ အနုပညာရှင်များ၊ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် KIO စစ်ဘက် ၊အရပ်ဘက်ဝန်ထမ်းများ သေဆုံးဒဏ်ရာရခဲ့သည်။

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၆၂ဦး နှင့် ဒဏ်ရာရသူ ၆၀ကျော်ရှိကြောင်း KIA က အသိပေးထားသော်လည်း ကချင်ဒေသခံကမူ သေဆုံးသူများ ထပ်တိုး၍ စုစုပေါင်းသေဆုံးသူ ၈၀ ကျော်ရှိပြီဟုကြားသိရကြောင်း ပြောသည်။

“ဆေးကုသပိုင်းက အခုလည်း ခိုးချောင်ခိုးဝှက်နဲ့ ဆေးကုသနေရတာ။ ဘယ်သူမဆို ဆေးရုံဆေးခန်း ဆေးရုံကြီးမှာလာပြီး ကုဖို့ဆိုတာ သူတို့ (စစ်ကောင်စီ)က ၁၇ (၁)နဲ့လာပြီး အရေးယူမယ် ပြောထားတဲ့အခါ ဘယ်သူမှလည်း မလာရဲဘူးပေါ့။အဲဒီအခါကျတော့ အပေါ်ယံလေး ရှပ်ထိပြီး ဒဏ်ရာဒဏ်ချက်ရတဲ့သူတွေက ရိုးရိုးဆရာတွေနဲ့ ရိုးရိုး ကုသလို့အဆင်ပြေတယ်လေ။ အတွင်းဒဏ် ထိတဲ့ဟာတွေ အူတွေဖောက်ထွက်၊ အဆံဝင်တာတို့ ၊ ဦးနှောက်မှာ ထိတာတို့ဆိုတာ ဒါဆေးရုံကြီးမှာ တကယ့် အော်ပရေးရှင်းလုပ်ရမှာ။ အဲဒီ တောမှာ ခိုးချောင်ခိုးဝှက်နဲ့အဲဒါမျိုးက ဘယ်လိုမှ လုပ်လို့မရဘူးလေ။အဲဒါမျိုးကတော့ သေတာတော့ များတာပေါ့”ဟု ကချင်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့်တွင် အစစ်အဆေးများ တင်းကြပ်နေသလို အနန့်ပါဒေသသို့ သွားလာခွင့်ကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားသည်ဟု ဆိုသည်။

“ဘာပဲဖြစ်ဖြစ် ပြည်သူလူထုဆိုတာ လက်နက်ကိုင်အဖွဲ့အစည်း ဘယ်အဖွဲ့အစည်းမဆို ခေါ်ရင် တော့ သွားရမှာပဲ။ တပ်မတော်ပဲ ခေါ်ခေါ်၊ KIA ပဲခေါ်ခေါ် ဘယ်လက်နက်ကိုင်အဖွဲ့ ခေါ်ခေါ် စိတ်ပါဝင်စားပြီးမှ သွားတဲ့သူရှိသလို တချို့စိတ်မပါဝင်စားပေမယ့် လက်နက်ကိုင်အဖွဲ့ခေါ်တယ်ဆိုတော့ ကြောက်လို့ သွားတဲ့သူလည်းရှိကောင်းရှိမှာပေါ့။ ဖိတ်ခေါ်တယ် မလာဘူးဆိုရင် ဘာများဖြစ်မလဲဆိုတဲ့ဟာမျိုးနဲ့ သွားကြတဲ့ ပြည်သူတွေလည်းရှိမှာပေါ့။ လုပ်ငန်းရှင်တွေက။ အဲဒီလို သွားကြတဲ့အပေါ်မှာ မမျှော်လင့်ဘဲ ဒီလို ညကြီးမင်းကြီး အချိန်မှာတိုက်ခိုက်ခံရတာ”ဟု ဒေသခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုမရှိ၍ ဒေသခံများက သွားကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဲဒီလို ခေါ်ခံရတဲ့အခါသွားကြတာ။ သွားကြတဲ့အခါ နေ့လည်က ဂေါက်ရိုက်ဘာရိုက်ပေါ့ဗျာ ဆုပေးပွဲဘာညာလုပ်၊ ည ဒင်နာနဲ့ စတိတ်ရှိုးနဲ့ အဲဒီလို လုပ်နေတဲ့အပေါ်မှာ အဲဒီလို လေယာဉ်နဲ့ ဗုံးလာကြဲပြီးမှ သေသွားကြပြီ။ ထားလိုက်တော့ ဘာပဲဖြစ်ဖြစ် သူတို့နေရာမှာ ဖြစ်တယ်ဆိုတော့။ သေတဲ့သူလည်း သေပြီ ဒဏ်ရာဒဏ်ချက် ရပြီ။ သူတို့ လက်နက်ကိုင် အဖွဲ့အချင်းချင်း KIA ဝန်ထမ်းတွေ သေတာ ဒါက တစ်ပိုင်း။ ထားလိုက် ။ ကျွန်တော်တို့ မဆိုလိုဘူး။ လက်နက်ကိုင်အချင်းချင်း ရန်သူသဖွယ်သတ်မှတ်ပြီးတော့ ဒီလိုလာလုပ်တဲ့ဆိုတဲ့အပေါ်မှာ ဒီအပေါ်မှာ ကျွန်တော်တို့ မပြောလိုဘူး။ ဒါပေမဲ့ ပြည်သူလူထုဆိုတာ ခေါ်ပြီဆိုသွားရတာပဲလေ။ အဲဒီမှာ အဲဒီလို သွားဖြစ်တယ်ဆိုတာ သူတို့ရဲ့ ဆုံးပါးသွားတဲ့ သေသွားတဲ့အလောင်း ဒါတွေကတော့ ပြန်ယူပိုင်ခွင့်တောင်းခံတယ်။ အဲဒါမရဘူး။ မရတဲ့အပြင် အရိုးပြာအိုး ပြန်ယူလာဖို့အတွက် ပြောတယ်။ ဒါလည်းမရဘူး။ ထားလိုက်တော့ သေတဲ့သူကသေပြီ ထားလိုက်တော့ ။ ဒါပေမဲ့ ဒီအသက်ရှင်နေတဲ့သူတွေ အမြန်ဆုံး ဆေးရုံတွေမှာ လာပြီးဆေးကုသနိုင်ရင် အသက်ရှင်နိုင်မယ့်ဟာ တွေလည်း သယ်ခွင့်မပေးတဲ့အပြင် ၁၇ (၁)နဲ့ ပါအရေးယူမယ်ဆိုတဲ့ ပုံစံမျိုးပြောလာတဲ့အခါကျတော့ အားလုံးလည်းမလာရဲတော့ဘူး”ဟု ကချင်ဒေသခံက ပြောသည်။

ပြည်သူလူကို ကယ်တင်ရမည့်အစား အရေးယူမည်ဟု ပြောဆိုသည့် စစ်ကောင်စီ၏အဆိုပါ လုပ်ရပ်အပေါ် ကချင်ပြည်သူလူထုက လက်မခံနိုင်ဘဲ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

“ဒါလူတိုင်းရဲ့ အသံအဲဒီလို ထွက်နေတာပေါ့။ တကယ်တန်းဆို လူသားချင်စာနာမှုနဲ့ အရေးယူတာမယူတာ နောက်ပိုင်းကဏ္ဍထား လူ့အသက် ကယ်တင်နိုင်ဖို့ ဒီမှာ ကယ်ထုတ်ပြီး လုပ်ရမယ့် ကဏ္ဍလေ။ အဲဒါ သူတို့အနေနဲ့က အဲဒီမှာ ရန်သူဆီသွားတော့ အားလုံးရန်သူပဲဆိုတဲ့ အမြင်နဲ့ ဆက်ဆံပြီးလုပ်တဲ့သဘောဖြစ်သွားတာပေါ့”ဟု ကချင်ဒေသခံက ပြောသည်။

အရပ်သားပြည်သူလူထုများရှိနေသည်ကို သိလျက် ပစ်မှတ်ထားတိုက်ခိုက်သည့် စစ်ကောင်စီတပ် ၏ လုပ်ရပ်အပေါ် တော်လှန်ရေးအင်အားစုများ၊ ပြည်သူများက ပြင်းထန်စွာရှုတ်ချထားပြီး စစ်ကောင်စီတပ်၏ လုပ်ရပ်သည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကာ နိုင်ငံတကာအနေဖြင့် ဖြစ်နိုင်သည့်နည်းဖြင့်အမြန်ဆုံးအရေးယူရန် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။