တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့ဟာ အာဏာသိမ်း မြန်မာစစ်တပ် ဆက်လက် တည်တံ့နိုင်ဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နိုင်ဖို့ အားပေး ထောက်ပံ့နေကြောင်း နိုင်ငံတကာ ဥပဒေပြု လွှတ်တော်အမတ်တွေ စုစည်းထားတဲ့ အဖွဲ့တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။
Group of international legislatorsရဲ့ အခုသီတင်းပတ်ထုတ်ပြန်ချက်မှာ မြန်မာစစ်တပ်ဟာ အထူးသဖြင့် တရုတ်နဲ့ ရုရှားတို့ဆီက ခိုင်မာပြီး ဘာမေးခွန်းထုတ်မှုမှ မရှိတဲ့ ကူညီ ထောက်ပံ့မှုတွေကို ရရှိနေတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာရဲ့ အိမ်နီးချင်း အာဆီယံ နိုင်ငံတွေက မြန်မာ့အရေး ကူညီဖြေရှင်းဖို့ အဆိုပြု တင်ပြထားတဲ့ ဘုံသဘောတူညီချက် ၅ ခုကို အကောင်အထည်ဖော်ဖို့ မြန်မာစစ်တပ်က နှောင့်နှေးနေရာမှာ အဲဒီလို အထောက်အပံ့တွေ ရရှိနေခြင်းကလည်း အဓိက အကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ ဥပဒေပြု လွှတ်တော်အမတ်တွေ အဖွဲ့က ဆိုပါတယ်။
နိုင်ငံတကာ ဥပဒေပြု လွှတ်တော်အမတ် ၈ ဦး ပါဝင်တဲ့ အဖွဲ့က အာဆီယံ အနေနဲ့ ထိရောက်မှု မရှိတော့တဲ့ ဘုံသဘောတူညီချက်တွေကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံက ဒီမိုကရေစီရေး တိုက်ပွဲဝင်နေတဲ့ အတိုက်အခံ အင်အားစုတွေကို ထိထိရောက်ရောက် ဆက်သွယ် ကူညီသင့်ပြီလို့လည်း တိုက်တွန်းခဲ့ပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံက ရွေးကောက်ခံ လွှတ်တော် အမတ်တွေ အဓိက ဦးဆောင်ပြီး စုဖွဲ့ထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကို ချက်ချင်း အသိအမှတ်ပြုဖို့၊ NUGနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ငွေကြေးထောက်ပံ့ ကူညီဖို့ အရမ်းအရေးကြီးလာပြီလို့ အဲဒီ အဖွဲ့က တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement
မြန်မာစစ်တပ်ဟာ အဓမ္မ အာဏာသိမ်းယူလိုက်ပြီး ၁၉ လတာ ကာလအတွင်း နိုင်ငံအနှံ့မှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောင်ကျကျ ကျူးလွန်နေခဲ့ပါတယ်။ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ပြည်သူ ၁.၂ သန်းကျော်လောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို အရပ်သားပြည်သူ ၂၄၀၀ နီးပါးလောက်လည်း သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း ၁၅၀၀၀ ထက်မနည်းဟာ နိုင်ငံရေး အကျဉ်းသားတွေအဖြစ် ဖမ်းဆီး ခံထားရပါတယ်။
မြန်မာစစ်တပ်ကို အိန္ဒိယ၊ တရုတ်နဲ့ ရုရှားတို့က ဝိုင်းကူနေသလိုပဲ မြန်မာ့ ဒီမိုကရေစီရေး အင်အားစုတွေကိုလည်း နိုင်ငံတကာ အသိုက်အဝန်းက ဝိုင်းဝန်း ကူညီကြဖို့ အဲဒီ ဥပဒေပြု အမတ်တွေ အစုအဖွဲ့က ဆော်ဩခဲ့ပါတယ်။
ဗီတိုအာဏာပိုင် တရုတ်နဲ့ ရုရှားတို့ဟာ မြန်မာစစ်တပ်ကို ထိထိရောက်ရောက် အရေးယူဖို့ ကုလသမဂ္ဂမှာ တင်သွင်းတဲ့ အဆိုပြုချက် အားလုံးကို တားဆီး ပိတ်ဆို့ထားပါတယ်။ နောက်ပြီး တရုတ်နဲ့ အိန္ဒိယလုပ် စစ်လက်နက်တွေကို မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေပါတယ်။
တရုတ်က မြန်မာစစ်တပ်ကို ဆက်ပြီး ထောက်ပံ့နေတယ် ဆိုပေမယ့် နည်းနည်း ထိန်းထိန်းသိမ်းသိမ်း ရှိပါသေးတယ်။ ရုရှားကတော့ အာဏာသိမ်း မြန်မာစစ်ကောင်စီကို ပြောင်ကျကျ လူမိုက်အားပေးလုပ်ပြီး အတိအလင်း ထောက်ခံထားပါတယ်။ ပြီးတော့ စစ်ရေး၊ စီးပွားရေး ကဏ္ဍတွေမှာလည်း စစ်ကောင်စီကို ရုရှားက ကူညီ ကျားကန်ပေးထားပြန်တယ်။ အိန္ဒိယကတော့ မြန်မာစစ်တပ်ရဲ့ ကြီးစိုးမှုကို အသိအမှတ်ပြုတဲ့ သဘောမျိုး ပြသနေပြီး စစ်ကောင်စီနဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး သဘောတူညီချက်တွေ ရယူဖို့ စီစဉ်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


















































