Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ကို တပ်စွဲခွင့်ပြုခြင်း၊ လက်နက်ခဲယမ်းအင်အားများ သယ်ဆောင်ပေးခြင်း မလုပ်ရန် KIA ထပ်မံသတိပေး

သတိပေးထုတ်ပြန်သည့်နေ့မှစ၍ ထိရောက်သည့် အရေးယူမှု ပြုလုပ်မည်ဖြစ်ကြောင်း ၂၀၂၁ မတ်လ ၁၆ရက်က ထုတ်ပြန်ခဲ့သည့် စာကိုယခုနှစ် ဒီဇင်ဘာ ၁ရက်တွင် ပြန်လည် အသိပေးဖော်ပြသည်။

ကေအိုင်အေ တပ်သားနှစ်ဦးကို လိုင်ဇာအနီးတွေ့ရစဉ်။ ဓာတ်ပုံ - ရိုက်တာ
ကေအိုင်အေ တပ်သားနှစ်ဦးကို လိုင်ဇာအနီးတွေ့ရစဉ်။ ဓာတ်ပုံ - ရိုက်တာ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉) နယ်မြေအတွင်းရှိ ဘာသာရေးအဖွဲ့အစည်းများအားလုံးအနေဖြင့် မိမိပိုင်ဘာသာရေး အဆောက် အဦး၊ ကျောင်းဝင်းများအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ကြောင်းများအား ခေတ္တနားနေခြင်းသော်လည်းကောင်း ညအိပ်ညနေ စခန်းချနေထိုင်ခြင်းသော်လည်းကောင်း မည်သည့်အကြောင်းကြောင့်မျှ ခွင့်မပြုရန် အသိပေးလိုက်ကြောင်း တပ်မဟာ(၉)က ထပ်မံထုတ်ပြန်သည်။

ထို့ပြင် အိမ်စီးကားများ၊ ခရီးသည်တင်မော်တော် ယာဉ်များ၊ ကုမ္ပဏီသုံးယာဉ်များ အားလုံးသည်လည်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ပစ္စည်းလက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ သယ်ဆောင် ပေးခြင်း၊ ၎င်းတို့ တပ်ဖွဲ့ဝင်များကို သယ်ယူပို့ဆောင်ပေးခြင်း ၊ မိုးကာအုပ်၍ သွားလာခြင်းများ မပြုရန် KIAက အသိပေးသည်။

သတိပေးထုတ်ပြန်သည့်နေ့မှစ၍ ထိရောက်သည့် အရေးယူမှု ပြုလုပ်မည်ဖြစ်ကြောင်း ၂၀၂၁ မတ်လ ၁၆ရက်က ထုတ်ပြန်ခဲ့သည့် စာကိုယခုနှစ် ဒီဇင်ဘာ ၁ရက်တွင် ပြန်လည် အသိပေးဖော်ပြသည်။

KIA အနေဖြင့် သတိပေးထုတ်ပြန်ချက်ကို အကြိမ်ကြိမ်ထုတ်ပြန်ပြီး ဖြစ်သောကြောင့် ဘာသာရေး အဆောက်အဦး၊ လူအများနှင့် သက်ဆိုင်သောအဆောက်အဦးများတွင် စစ်ကောင်စီတပ်ဖွဲ့များကို တည်းခိုရပ်နားခွင့်မပြုရန်နှင့် ဖြစ်ပေါ်လာသောအကျိုးဆက်များကို KIA တပ်မဟာ(၉)မှ တာဝန်ယူမည် မဟုတ်ကြောင်း ထပ်မံအသိပေးလိုက်သည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

KIA တပ်မဟာ(၉)သည် ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ရှိသည့် တပ်မဟာဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့သည့် တပ်မဟာဖြစ်သည်။ အဆိုပါဒေသ တိုက်ပွဲများ၌ အထိနာခဲ့သည့် စစ်ကောင်စီတပ်သည်တပ်မဟာ(၉) နယ်မြေ အနန့်ပါဒေသ ဂီတဖျော်ဖြေပွဲတစ်ခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ တပ်မဟာ(၉) တပ်မဟာမှူးအပါအဝင် KIO/KIA ဝန်ထမ်းများ၊ အနုပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများအများအပြား အသက်ဆုံးရှုံးခဲ့ရသည်။ လက်ရှိတွင်လည်း ဖားကန့်ဒေသတွင် KIA နှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဆက်ဖြစ်နေပြီး စစ်ရေးတင်းမာနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး