စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ကျောက်ပျဥ် သာတိုက်နယ်ရှိ ကျေးရွာ ငါးရွာ မီးရှို့ဖျက်ဆီးခံရပြီး အိမ်ခြေအများအပြား မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာ၉ ရက်က ကိုးတောင်ဘို့မှ ထွက်ခွာလာသော စစ်ကြောင်း ခမရ(၃၆၃)အင်အား ၇၃ဦး၊ ချပ်သင်းမှ ထွက်လာသော ခမရ (၃၆၉)နှင့် (၃၆၁ )အင်အား ၆၃ဦး စစ်ကြောင်းနှစ်ကြောင်းပေါင်းကာ ကောလင်းမြို့နယ်၊ ကျောက်ပျဥ်သာတိုက်နယ်သို့ စတင်ဝင်ရောက်လာခဲ့သည်။
ဒီဇင်ဘာ ၁ဝ ရက်ကစတင်ကာ ဇီးဖြူကုန်းရွာမှ ၄၅အိမ်၊ လျှော်ဖြူကုန်းရွာမှ ၂၄အိမ်တို့မီးရှို့ခံရပြီး ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်)တွင် ညောင်ကုန်း၊ပေပင်ချောင်၊ကုက္ကိုကုန်းကျေးရွာများအား ဆက်လက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသုံးရွာ မီးလောင်အိမ်ခြေ အတိအကျမသိရသေးကြောင်း Kawlin Revolution KR အဖွဲ့က ပြောသည်။




“ ညဘက်ဆို အပြင်မှာ နှင်းတွေကျပြီး တအားအေးတယ်။ မီးလည်းမဖိုရဲကြဘူး။ တချို့ဆို စောင်တွေအနွေးထည်တွေ မလုံလောက်ကြဘူး။” ဟု မီးရှို့ခံရသည့်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
အဆိုပါ စစ်ကြောင်းနှစ်ကြောင်းမှ အင်အား ၁၃၀ကျော်နှင့် KLPDF တပ်ရင်း(၁) ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ပူးပေါင်းအဖွဲ့နှင့် ထိတွေ့မှုများရှိခဲ့ပြီး အသေးစိတ် မသိရသေးကြောင်း Kawlin Revolution KR အဖွဲ့က ပြောသည်။
ထီးချိုင့်မြို့နယ်တွင် မီးပတ်ရှို့နေသော စစ်ကောင်စီအင်အား ၂၀ဝ ကျော်ခန့်မှာလည်း ကောလင်းနှင့် ထီးချိုင့်နယ်အစပ်သို့ရောက်ရှိနေပြီး ကောလင်းမြို့တွင်းသို့ထိုးလာနိုင်ခြေရှိနေကြောင်း ၎င်းအဖွဲ့က ပြောသည်။



ကောလင်းမြို့နယ်တွင် စစ်ရှောင်ရွာ (၂၃)ရွာအထိရှိနေပြီး ဒေသခံပြည်သူ ၂၃,၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ဆေးဝါးနှင့် အဝတ်အထည်၊ ခြုံထည်များလိုအပ်နေကြောင်းကောလင်းပြည်သူ့အုပ်ချုပ်ရေး(ပအဖ)နှင့် ပြည်သူ့လုံခြုံရေး(ပလဖ)တို့က ထုတ်ပြန်အသိပေးထားသည်။
စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၉ ရက် ညကလည်း ကောလင်းမြို့မရဲစခန်း မြောက်ဘက်၊ ဝါးရုန်းတုန်းအနီးတွင် လူငယ် ငါးဦးအား ဦးခေါင်းတေ့ပစ်သတ်သွားပြီး အလောင်းများအားလမ်းဘေးတွင် စွန့်ပစ်သွားခဲ့သေးသည်။

















































