စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် စက်တောကုန်းကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့(ဒီဇင်ဘာ ၂၀ရက်)တွင် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၁လုံးနှင့် စပါးတိုက်(စပါးကျီ) ၃၀မီးလောင် ပျက်စီးခဲ့ကြောင်း Indaw Revolution က ယနေ့ ထုတ်ပြန်သည်။
အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်များ မီးရှို့၍ ဒီဇင်ဘာ ၁၆ရက်မှ ၂၀ရက်အတွင်း ရွာပေါင်း ၆ရွာမှ အိမ်ခြေ ၁၀၀ကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များသည် နတ်မဟုတ်ကြီးရွာကို ရောက်ရှိနေပြီး ဖားပန်နှင့် ပင်ဝယ် ကြား တောထဲ၌လည်း နန့်စီးအောင်ဘက်မှ ဆင်းလာသည့် အင်အား ၁၀၀ကျော်ခန့် စစ်ကြောင်း ရောက်ရှိနေကြောင်း အသိပေးထားသည်။



“ပြည်သူများ ပြည်သူအချင်းချင်း ဂရုစိုက်ပြီး ကူညီပေးကြပါ”ဟု Indaw Revolution က တိုက်တွန်းထားသည်။
စစ်ကောင်စီတပ်သည် နတ်မဟုတ်ကြီးရွာကို ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး ယခု ဒီဇင်ဘာတွင် ဂျုံးဂျုံးကျ ရွာသစ်၊ ဂျုံးဂျုံးကျရွာမ၊ ပိန်းအင်း၊ မအူကုန်း၊ စက်တောကုန်း ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့ပြင် ဒီဇင်ဘာ ၁၈ရက်က ပိန်းအင်းရွာအနီး၌ ဒေသခံပြည်သူ လေးဦးကို သတ်ဖြတ်ပြီး ရွာဘုန်းကြီးကျောင်းအတွင်း မြှုပ်နှံသွားကြောင်း Indaw Revolution က အသိပေးထားသည်။




အင်းတော်မြို့နယ်ကို ဝင်ရောက်လာသည့် စစ်ကောင်စီတပ်၏ မီးရှို့စစ်ကြောင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ ၁၆ရက်မှ ၁၈ရက်အထိ သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး ဒီဇင်ဘာ ၁၇ရက် ဂျုံးဂျုံးကျရွာအနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်ဟု အင်းတော် PDF ရဲဘော်က ပြောကြားထားသည်။
