Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့(ဒီဇင်ဘ ၂၉ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎လစဉ် မြန်မာနိုင်ငံသား လေးသောင်းနီးပါးပြည်ပကိုသွား​ရောက်

စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ စီးပွားရေးကျပ်တည်းမှုတွေကြောင့် လစဉ် မြန်မာနိုင်ငံသား ၄ သောင်းခန့် ပြည်ပကိုသွား​ရောက်နေကြတယ်လို့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာရွှေ့ပြောင်းသူများဆိုင်ရာ အဖွဲ့အစည်း(IOM)က မနေ့ကထုတ်ပြန်ပါတယ်။ ပဋိပက္ခတွေဖြစ်ပွားနေတာ၊ စီးပွားရေးအကျပ်အတည်းကိုကြုံရတာအပြင် အခြားသောအကြောင်းအရာတွေကြောင့် နိုင်ငံကိုစွန့်ခွာနေကြတာဖြစ်ပြီး အများစုဟာ ထိုင်းနိုင်ငံကိုသွားရောက်ကြတယ်လို့ IOM က ဆိုထားပါတယ်။ ပြည်ပကို ထွက်ခွာကြသူတွေအပြင် ပြည်တွင်းမှာလည်း နေရာစွန့်ခွာ ထွက်ပြေးနေရသူတွေ များပြားလာတယ်လို့ IOMက ပြောပါတယ်။

တိုက်ပွဲ​တွေ​ကြောင့်ထိုင်းနယ်စပ်သို့ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့ စစ်​ဘေး​​ရှောင်ပြည်သူ​တွေကို ၂၀၂၁ ဒီဇင်ဘာလက​တွေ့ရစဥ်။ ဓါတ်ပုံ- CJ
တိုက်ပွဲ​တွေ​ကြောင့်ထိုင်းနယ်စပ်သို့ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့ စစ်​ဘေး​​ရှောင်ပြည်သူ​တွေကို ၂၀၂၁ ဒီဇင်ဘာလက​တွေ့ရစဥ်။ ဓါတ်ပုံ- CJ

စစ်တပ်အာဏာသိမ်းချိန်ကစပြီး ပြည်တွင်းမှာ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူဦးရေဟာ ၁ သန်းကျော်ရှိလာပြီလည်းဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ စစ်ကိုင်းတိုင်းတစ်ခုထဲကတင် လူဦးရေ ၆ သိန်းကျော် ပါဝင်တယ်လို့ IOM က ဖော်ပြပါတယ်။

ပြည်ပသို့သွား​ရောက်နိုင်ရန် နိုင်ငဲကူးလက်မှတ်လျှောက်ဖို့​စောင့်ဆိုင်း​နေသူ​တွေကို ၂၀၂၁ နှစ်ကုန်ပိုင်းက​တွေ့ရစဥ်။ ဓါတ်ပုံ-CJ
ပြည်ပသို့သွား​ရောက်နိုင်ရန် နိုင်ငဲကူးလက်မှတ်လျှောက်ဖို့​စောင့်ဆိုင်း​နေသူ​တွေကို ၂၀၂၁ နှစ်ကုန်ပိုင်းက​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

▪︎ဒေါက်တာခလမ်ဆမ်ဆွန်ကို ၁၇(၁)နဲ့အမှုဖွင့်ထားလို့ဆို

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီကဖမ်းဆီးပြီး မြစ်ကြီးနားထောင်သို့ ပို့ဆောင်ထားကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ထားတယ်လို့ ကြားသိရကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဟာ ဒေါက်တာခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာ ၅ ရက်က မန္တလေးလေဆိပ်မှာ ဖမ်းဆီးခဲ့တာပါ။ KBCဟာ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ထားရှိတဲ့နေရာကိုသိလိုကြောင်း စစ်ကောင်စီခေါင်းဆောင်ထံ စာပို့မေးမြန်းထားပြီး အကြောင်းပြန်ကြားချက်ရမရကို စုံစမ်းနေဆဲဖြစ်ပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွန်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ KBCနဲ့ ကချင်အသိုင်းအဝိုင်းအပြင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း ပုဂ္ဂိုလ်များက တောင်းဆိုထားပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွန်လွတ်မြောက်ရေးလှုပ်ရှားမှုကိုလည်း ကချင်အဖွဲ့များက ပြုလုပ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဒေါက်တာခလမ်ဆမ်ဆွန်
ဒေါက်တာခလမ်ဆမ်ဆွန်

▪︎ကျေးရွာမီးရှို့ပြီးပြန်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ မြင်းဆည်ကျေးရွာကို မီးရှို့ဖျက်ဆီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။ မနေ့ညနေပိုင်းက မြင်းဆည်ကျေးရွာကို မီးရှို့ဖျက်ဆီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဘုရားယဉ်စေတီအနောက်ဘက် ချောင်းရိုးအနီးမှာ ပဒေသာမိုင်း သုံးလုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလို့ လျှပ်တပြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုမှ နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ အများအပြားရရှိတယ်လို့ ကိုသက်ကြီးက ပြောပါတယ်။

▪︎နှစ်ရက်အတွင်း ချောင်းဦးနယ် ကျေးရွာခြောက်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က နှစ်ရက်အတွင်း ကျေးရွာ ခြောက်ရွာထက်မနည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ၂၇ ရက်က ချောင်းဦးမြို့နယ်၊ ဝယာကျေးရွာနဲ့ ရွာသစ်ကျေးရွာ၊ ဒီဇင်ဘာ ၂၈ ရက်မှာ နဂါးဗိုလ်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ တောကျောင်းလေးကျေးရွာနဲ့ ထန်းတောကုန်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချောင်းဦး(ပကဖ)အဖွဲ့က ထုတ်ပြန်ပါတယ်။ ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ပျက်စီးမှုအခြေအနေ အတိအကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ နောက်ပြီး အမြင့်ကျေးရွာရှိ နေအိမ်များကိုလည်း စစ်ကောင်စီတပ်က ဖောက်ထွင်းကာ ပစ္စည်းများ အဓမ္မယူဆောင်သွားတယ်လို့ သိရပါတယ်။

ယခင်လပိုင်းအတွင်းက တောကျောင်းလေးနှင့် နဂါးဗိုလ်ကျေးရွာတို့အား စစ်ကောင်စီတပ်က မီးရှို့ခဲ့စဥ်(ပုံအဟောင်းဖြစ်ပါသည်)၊ ဓာတ်ပုံ-Chaung U Revolution
ယခင်လပိုင်းအတွင်းက တောကျောင်းလေးနှင့် နဂါးဗိုလ်ကျေးရွာတို့အား စစ်ကောင်စီတပ်က မီးရှို့ခဲ့စဥ်(ပုံအဟောင်းဖြစ်ပါသည်)၊ ဓာတ်ပုံ-Chaung U Revolution

▪︎မတ္တရာနယ်မှာ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့တိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပိုဝကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းလေးစီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Unicorn Guerrilla Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒီဇင်ဘာ ၂၇ ရက် နေ့ခင်းက မတ္တရာမြို့နယ်၊ ပိုဝကျေးရွာမှာ တပ်စွဲထားပြီး ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းလေးစီးနဲ့ ဗုံးသီး ရှစ်လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။။ ဗုံးသီးရှစ်လုံးအနက် ခြောက်လုံးသာပေါက်ကွဲခဲ့ပြီး ကျန်နှစ်လုံးမှာ ချို့ယွင်းခဲ့ပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးပွဲချင်းပြီးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။ ဒါပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

▪︎ပျူစခန်းတိုက်ခိုက်ခံရလို့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပျူစောထီးစခန်းတိုက်ခိုက်ခံရလို့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို ပဒေသာမိုင်းနဲ့တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက် သေဆုံးမှုများရှိတယ်လို့ နောင်ရိုးအထူးပြောက်ကျားတပ်(NYSGF)က သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၂၇ ရက် မနက်အစောပိုင်းက မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာမှ ဆုံရွာကျေးရွာသို့ စစ်ကူပေးဖို့ ထွက်လာတဲ့ စစ်ကားအသေးတစ်စီးကို ဆီမီးခုံ – နဘူးအိုင် ကားလမ်းပေါ် ပင်လယ်ရွာနဲ့ ကန်နီကျေးရွာကြားအရောက်မှာ ပဒေသာမိုင်း ၅လုံးတွဲနဲ့ အသင့်စောင့်ဆိုင်းကာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ NYSGFက အသိပေးပါတယ်။ အဲဒီ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့​ပြီး မိုင်းဆွဲခံရတဲ့ စစ်ကားမှာ နဘူးအိုင်ရွာသို့ ကြိုးနဲ့ ပြန်ဆွဲသွားခဲ့ရတယ်လို့ သိရပါတယ်။

▪︎ညောင်ပင်ဝန်းစခန်းကိုPDF​တွေပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့နေစဥ် ညောင်ပင်ဝန်းစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိတယ်လို့ တိုက်နယ်စွန်(စွန်)PDFအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ညနေပိုင်းက မုံရွာ – မန္တလေးလမ်းမကြီးပေါ်ရှိ ညောင်ပင်ဝန်း ရဲစခန်းကို လက်နက်ကြီးနဲ့ နှစ်ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က စနိုက်ပါ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ညဦးပိုင်းမှာလည်း တိုက်နယ်စွန်(စွန်)PDFအဖွဲ့နဲ့ ဗိုလ်မိုးကြိုးအဖွဲ့တို့ ပူးပေါင်းကာ လက်နက်ကြီးအချက်ရေ မနည်းပစ် ခတ်ခဲ့ပြီး မောင်းပြန်သေနတ်တွေနဲ့ပါ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးထိခိုက်မှုများပြားပြီး ဒီနေ့ မနက်ပိုင်းမှာ ရုပ်အလောင်းတွေကို ကားနဲ့သယ်ယူသွားတာကို တွေ့ရတယ်လို့ တိုက်နယ်စွန်(စွန်) PDFအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီနေ့ (မတ်လ ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။