စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ နတ်အင်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား ယမန်နေ့ညပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kanbalu Underground Warriors အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့(ဇန်နဝါရီ ၂၀ ရက်) ည ၈နာရီခွဲခန့်က ကန့်ဘလူမြို့နယ်၊ နတ်အင်းကျေးရွာတွင် အထိုင်ချထားသောနေရာနှင့် ကင်းချထားသော နေရာအတွင်းရှိ စစ်ကောင်စီတပ်နှင့်ပျူများအား (၆၀)မမ လေးလုံး ၊ (၁၂၀)မမ သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းKanbalu Underground Warriors က အသိပေးသည်။
စစ်အုပ်စုဘက်က ထိခိုက်မှုရှိနိုင်ပြီးတော်လှန်ရေးအင်အားစုရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို Kanbalu Underground Warriors ၊ မြေပြင်လှုပ်ရှားညီနောင်များ ၊ ကန့်ဘလူမြို့နယ် L – PDF မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Kanbalu Underground Warriors အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ကန့်ဘလူမြို့နယ်တွင် ဇန်နဝါရီ ၁၉ ရက် ညပိုင်းကလည်း ဇာဒီကျေးရွာ၌ အထိုင်ချထားသော စစ်ကောင်စီတပ်နှင့်ပျူများကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
ဇန်နဝါရီ ၁၇ ရက်ကလည်း ညောင်ဇင်လေး (အနောက်) ရွာ၊ ယောကျေးရွာတို့ရှိ စစ်ကောင်စီတပ်များအား ဒေသတွင်း တော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့် ပျူဘက်က ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။


















































