စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း – ၁၅ တပ်ခွဲ (၁) Eagle Guerrilla Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ၂၄ ရက်) ညနေ ၃ နာရီ ၄၆ မိနစ်ခန့်က ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား (၉၀)မမ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Eagle Guerrilla Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ရဲစခန်းအတွင်း တစ်လုံးကျရောက်ပြီး ရဲနှစ်ဦးသေဆုံးကာ ၎င်းတို့ မိသားစုဝင်လေးဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သတင်းရကြောင်း Eagle Guerrilla Force အဖွဲ့က ဆိုသည်။

ထို့အပြင် ပျူစောထီးများ နေထိုင်ရာဘက်သို့လည်း ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်များဖြင့်ပါ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီအား ငွေပေး၍ ဖွင့်လှစ်နေသည့် ဝက်လက်မြို့နှင့်ကပ်လျက် ဂျင်ဝိုင်းထောင်သည့် တဲကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း Eagle Guerrilla Forceအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
“ရဲစခန်း၊ ပျူအများဆုံးနေတဲ့ အမှတ်(၁)ဆားခင်း အမှတ်(၃)ရပ်ကွက်တွေကို အဓိကထား တိုက်ခိုက်ခဲ့ပါတယ်။ အပြစ်မဲ့ပြည်သူတွေကိုတော့ နီးစပ်ရာ အကြောင်းကြားပြီးတိုက်ခိုက်ခဲ့ပါတယ်။ဝက်လက်မြို့ပေါ်က ပြည်သူတချို့ကတော့ နီးစပ်ရာ ရွာတွေစီ စစ်ရှောင်နေကြပါပြီ။”ဟု Eagle Guerrilla Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့နံနက်ပိုင်းတွင် ဝက်လက်သုဿန်မီးသင်္ဂြိုလ်စက်၌ မီးရှို့ခြင်း၊ သေနတ်ပစ်ဖောက်ခြင်းများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။


















































