ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေအတွင်းရှိ ဘုရားသုံးဆူဒေသနှင့် ကျုံဒိုးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့ကာ တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိနေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ဘုရားသုံဆူးဒေသအတွင်းရှိ သတ္တုမိုင်းလုပ်ကွက်နေရာကို ယနေ့ ဇန်နဝါရီလ(၂၅)ရက် နံနက်တစ်နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သတ္တုမိုင်းလုပ်ကွက်အတွင်းရှိ အဆောက်အဦးများ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် တိုက်ပွဲပြင်းထန်နေလျက်ရှိသည့် ကျုံဒိုးမြို့နယ် ကမ်းနီကျေးရွာနှင့် တံတားဦးကျေးရွာအနားတစ်ဝိုက်တွင် ယနေ့ နေ့လည်(၁၂)နာရီခွဲအချိန်၌ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကိုတော့ လတ်တလောတွင် မသိရှိရသေးကြောင်း ဒေသခံများမှ ပြောကြားသည်။

Public Service Announcement

ကျုံဒိုးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့သောကြောင့် ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ဒေသခံပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကာ အများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
