စစ်ကိုင်းတိုင်း၊ မုံရွာ – ဘုတလင်လမ်းပိုင်းတွင် လေးလကြိုတင်ခင်းထားသည့် မိုင်းများဖြင့် စစ်ကောင်စီယာဥ်အားတိုက်ခိုက်ရာ လေးဦးသေဆုံးကြောင်း Chindwin Brothers PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ၂၈ရက်)နံနက် ၈နာရီခွဲခန့်က ကံသစ်ကျေးရွာမှ မုံရွာ(နမခ)သို့ပြန်လာသည့် စစ်ကောင်စီယာဥ်အား ဇီးတောကျေးရွာနှင့် ထနောင်းကုန်းကျေးရွာကြား၌ မိုင်း ၁၀လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ကျောင်းသားတပ်တော် ကလည်း လက်နက်ငယ်များဖြင့် ကာပစ်ပေးခဲ့ကြောင်း Chindwin Brothers PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မြို့နယ်(ပကဖ)ကလည်း လက်နက်ကြီးများဖြင့် ကာပစ်ပေးခြင်းကြောင့် ပြောက်ကျားတပ်သားများ အထိအခိုက်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Chindwin Brothers PDF အဖွဲ့က ပြောသည်။
မိုင်းထိသေဆုံးသော စစ်ကောင်စီတပ်သား လေးဦးအလောင်းများကို သားပြေးကျောက်တောင်အနီးရှိ သင်္ချိုင်းသို့ ချက်ချင်းလာရောက်မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement
အဆိုပါ မိုင်းများသည် Chindwin Brothers PDF၊ ချိုမိုင်မိုင်တပ်ဖွဲ့နှင့် Anonymous Heros အဖွဲ့တို့က လွန်ခဲ့သော လေးလခန့်ကတည်းက မုံရွာ-ဘုတလင် လမ်းပိုင်းတွင် ခင်းထားခဲ့ပြီး ရက်ရှည်စောင့်ဆိုင်းခဲ့ကြောင်း၊ ထိုမိုင်းကွင်းအား Anonymous Heros အဖွဲ့က မိုင်းကွင်းထပ်မံပြုလုပ်ပြီး ဆက်လက်တာဝန်ယူစောင့်ဆိုင်းခဲ့ကြောင်း Chindwin Brothers PDF အဖွဲ့က ပြောသည်။


















































