Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီက ရခိုင်ဘက်မှ ရေကြောင်းဖြင့် ချင်းပြည်နယ်သို့ စစ်အင်အားပို့နေဟု CNFပြော

ရက္ခိုင့်တပ်တော်(AA) နှင့် အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်သည် စစ်တွေဘက်မှ ချင်းပြည် ပလက်၀နယ်သို့ သင်္ဘောအသုံးပြုပြီး အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ရန်ကုန်ဆိပ်ကမ်းတွင် မုတ္တမစစ်သင်္ဘောကို တပ်တော်ဝင်အခမ်းအနား ပြုလုပ်ခဲ့စဉ်။ဓာတ်ပုံ - CJ
၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ရန်ကုန်ဆိပ်ကမ်းတွင် မုတ္တမစစ်သင်္ဘောကို တပ်တော်ဝင်အခမ်းအနား ပြုလုပ်ခဲ့စဉ်။ဓာတ်ပုံ - CJ

ချင်းပြည်နယ် တိုက်ပွဲများ၌ အထိနာနေသည့် စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်မှ တဆင့် ချင်းပြည်နယ်သို့ စစ်အင်အားများဖြည့်တင်းနေသည် ကို သတင်းရကြောင်း ချင်းမျိုးသားတပ်ဦး/ချင်းအမျိုး သားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက ပြောသည်။

ရက္ခိုင့်တပ်တော်(AA) နှင့် အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်သည် စစ်တွေဘက်မှ ချင်းပြည် ပလက်၀နယ်သို့ သင်္ဘောအသုံးပြုပြီး အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။

“စစ်တွေဘက်ကနေ သင်္ဘောနဲ့ စစ်ကူတွေဘာတွေပို့လာနေတယ်လို့ သတင်းရထားပါတယ်။ မြေပြင်မှာတော့ မတူပီ ဂွင်ကလွဲရင် သူတို့နဲ့ မြေပြင်တိုက်ပွဲတိုက်ပြီး မရှိသေးဘူးပေါ့။ စစ်တွေဆိုတာက ရခိုင်ပြည်နယ်ကနေ ချင်းပြည်နယ် ပလက်၀ဘက်ကို ဝင်တာပေါ့။ ပလက်၀ဘက်ကနေ ချင်းတောင်ဘက်ကို ဖြစ်မယ်ထင်တယ် မြေပြင်သတင်းအရ အဲဒီလို သတင်းရရှိထားပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

ချင်းတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီတပ်၏ စစ်ရေးပြင်ဆင်မှုအပေါ် အကောင်းဆုံးတုံ့ပြန်နိုင်ရန် ပြင်ဆင်ထားသည်ဟုလည်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ကတော့ အတက်နိုင်ဆုံးပြင်ဆင်မှုတွေလုပ်တာပေါ့။အဲဒါတွေက တလျှောက်လုံးလုပ်နေကြပါ။ အဲဒီထက် ကြီးမားတဲ့ စစ်ကြောင်းကြီးတွေလည်း ၂၀၂၁၊ ၂၀၂၂မှာ အဲဒီလို တက် လာနေတာ။ အခုကတော့ အရင်လို စစ်ကြောင်းကြီးလိုမဟုတ်ဘဲ ခွဲဖြန့်ပြီးလာနေတာဆိုတော့ ကျနော်တို့ဘက်ကလည်း ရန်သူကို အထင်မသေးဘဲ အကောင်းဆုံးပြင်ဆင်မှုလုပ်ထားရမှာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

ယခု ဖေဖော်ဝါရီတွင်း ချင်းပြည်နယ် ထန်တလန်မြို့ရှိ စစ်ကောင်စီရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်ကောင်စီတပ်စွဲရာနေရာတို့ကို CNA နှင့် ချင်းကာကွယ်ရေးတပ်(CDF) တပ်များက တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်နက်ခဲယမ်းများစွာရရှိထားသည်။ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်ရှိသကဲ့သို့ အဖမ်းခံရမှုများလည်းရှိခဲ့သည်။ ထို့ပြင် မတူပီ မြို့နယ် ဇိုတုန်ဒေသ၌လည်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီက ထန်တလန်သို့ လေကြောင်းက အင်အားဖြည့်တင်းခြင်း၊ ထန်တလန်မြို့ကို လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခြင်းများ နေ့စဉ်လိုလိုပြုလုပ်နေသည်ဟု ဆလိုင်းထက်နီက ပြောသည်။

“မတူပီ အနီး ရေဇွာစခန်းမှာတော့ လေကြောင်းကနေ အလောင်းတွေ လာသယ်သွားတာရှိတယ်။ ထန်တလန်ကတော့ သူတို့ရဲ့ ရဲစခန်းကျပြီးသွားတဲ့နောက်ပိုင်း ဒီနေ့အထိ ဗုံးကြဲလေယာဉ်တွေ MI-35 တိုက်ခိုက်ရေး လေယာဉ်တွေ နေ့စဉ်နဲ့အမျှလာတယ်။နောက်ပြီး ရိက္ခာတွေ အင်အားတွေပို့လာတာရှိတယ်။ ဟားခါးဗျူဟာကုန်းကနေ ထန်တလန်ဘက်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ်နဲ့အမျှ ထုနေတာရှိတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်ကလည်း ၎င်းတို့ ဆုံးရှုံးခဲ့သည့် ထန်တလန်ရဲစခန်းနေရာကို ပြန်လည်သိမ်းပိုက်နိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။